မြန်မာ့နေထိုင်မှုအခြေအနေစစ်တမ်း ၂၀၁၇ - အဓိကညွှန်ကိန်းအစီရင်ခံစာ

မြန်မာ့နေထိုင်မှုအခြေအနေစစ်တမ်း ၂၀၁၇ - အဓိကညွှန်ကိန်းအစီရင်ခံစာ

2018- June 28

၂၀၁၇ မြန်မာ့နေထိုင်မှုအခြေအနေ စစ်တမ်း (MLCS) သည် ကမ္ဘာ့ဘဏ် (WB) နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၏ ပံ့ပိုးမှုဖြင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်ရှိ ဗဟိုစာရင်းအင်းအဖွဲ့က အကောင်အထည်ဖော်ထားသော အရွယ်အစားကြီးမားသည့် လူနေမှုဘဝဆိုင်ရာ ကဏ္ဍစုံ စစ်တမ်းတရပ်ဖြစ်ပါသည်။

MLCS မှာ ယခင်က ဆောင်ရွက်ပြီးစီးသည့် အမျိုးမျိုးသော အိမ်ထောင်စုစစ်တမ်းများ၏ နောက်ဆက်တွဲဖြစ်ပြီး ယင်းစစ်တမ်းများမှာ အိမ်ထောင်စုများ၏ လူနေမှုဘဝအခြေအနေအား သမူဟပြုလေ့လာဆန်းစစ်မှု (၂၀၀၅ နှင့် ၂၀၁၀) ၊ အိမ်ထောင်စုများ၏ ဝင်ငွေနှင့်အသုံးစရိတ် စစ်တမ်း (၁၉၈၉ နှင့် ၂၀၁၂ အကြား) ၊ မြန်မာနိုင်ငံ ဆင်းရဲနွမ်းပါးမှုနှင့် လူနေမှုဘဝအခြေအနေ စစ်တမ်း (၂၀၁၅) တို့ဖြစ်သည်။

MLCS သည် ထိုအိမ်ထောင်စုစစ်တမ်းများ၏ ရည်မှန်းချက်များအားလုံးကို စစ်တမ်းတရပ်တည်း၌ အတူတကွပေါင်းစပ်ထည့်သွင်းထားသည်ဖြစ်ရာ နေထိုင်မှုအခြေအနေနှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များအတွက် ထောင့်စေ့သောအရင်းအမြစ်ဖြစ်သည်။ ဤအစီရင်ခံစာတွင် စစ်တမ်း၏ ပဏာမတွေ့ရှိချက်များ ပါဝင်သည်။

မြန်မာနိုင်ငံအတွက် အားကိုးအားထားပြုနိုင်ပြီး တိကျမှန်ကန်သော နောက်ဆုံးရသတင်းအချက်အလက်များ ပံ့ပိုးပေးရန် ဤစစ်တမ်းက ရည်မှန်းထားသည်။

စစ်တမ်း၏ ပင်မစာရင်းအင်းဆိုင်ရာရည်မှန်းချက်များမှာ ဆင်းရဲနွမ်းပါးမှုနှင့် နေထိုင်မှုအခြေအနေဆိုင်ရာ ခန့်မှန်းခြေများ ထုတ်ပေးနိုင်ရန် ၊ နိုင်ငံ့အဆင့် စာရင်းကိုင်နှင့် စားသုံးသူ ဈေးဆနှုန်းကိန်း စနစ်သို့ အခရာကျသောအချက်အလက်သွင်းအားစုများ ပံ့ပိုးပေးရန် ၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များအား စောင့်ကြည့်လေ့လာခြင်းကို ပံ့ပိုးပေးရန်ဖြစ်သည်။