UNDP မှ ဆိုင်ကလုန်းမိုခါအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စတင်ခြင်း

ဤအပူပိုင်းမုန်တိုင်းသည် ရခိုင်ပြည်နယ် ကမ်းရိုးတန်းဒေသများကို ပျက်စီးစေခဲ့ရုံသာမက နေအိမ်များ၊ အခြေခံအဆောက်အအုံများနှင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ပျက်စီးဆုံးရှုံးခဲ့သည်။

June 8, 2023
စစ်တွေမြို့ကုန်းတွင်းပိုင်းသို့ ဝင်ရောက်တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမိုခါကြောင့် ငါးဖမ်းလှေများ နစ်မြုပ်ပျက်စီးနေပုံ။ ဓါတ်ပုံ

စစ်တွေမြို့ကုန်းတွင်းပိုင်းသို့ ဝင်ရောက်တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမိုခါကြောင့် ငါးဖမ်းလှေများ နစ်မြုပ်ပျက်စီးနေပုံ။

(c) Ben Small/UNDP

မေလ ၁၄ ရက်က ရခိုင်ပြည်နယ် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ခဲ့သော ဆိုင်ကလုန်းမိုခါသည် မြန်မာနိုင်ငံတွင် တိုက်ခတ်ခဲ့သောအင်အားအကောင်းဆုံး ဆိုင်ကလုန်းမုန်တိုင်းများထဲမှ တစ်ခုဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုများမှာလည်း ကြီးမားကျယ်ပြန့်ခဲ့သည်။ အပြင်းထန်ဆုံးအချိန်တွင် မုန်တိုင်း၏ လေတိုက်နှုန်းမှာ တစ်နာရီလျှင် ကီလိုမီတာ ၂၅၀ ကျော်အထိရောက်ရှိခဲ့သည်။

ဆိုင်ကလုန်းမိုခါသည် ကုန်တွင်းပိုင်းသို့ဝင်ရောက်ပြီး မြန်မာနိုင်ငံ၏ အနောက်မြောက်ဘက်သို့ ရွေ့လျားသွားခဲ့ရာ ဝင်ရောက်ခဲ့သည့်လမ်းကြောင်းတွင် ခန့်မှန်းခြေလူပေါင်း ၇.၉ သန်းနီးပါး ရှိ‌နေခဲ့ပြီး ဆိုးရွားစွာပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေခဲ့သည်။ မြန်မာနိုင်ငံရှိ လူသားချင်းစာနာမှုအကူအညီများပေးနေသောအဖွဲ့အစည်းများသည် လူပေါင်း ၁.၆ သန်းကို ပြန်လည်ထူထောင်ကူညီနိုင်မည့် ဒေါ်လာ ၃၃၃ သန်းရရှိရန် အရေးပေါ်ရန်ပုံငွေတောင်းခံမှု ကို ထုတ်လွှင့်ခဲ့သည်။

ပြန်လည်ထူထောင်ရေးအတွက် လိုအပ်ချက်များသည် ကြီးမားကျယ်ပြန့်လှသည်။ မုန်တိုင်းဒဏ်ကို အပြင်းထန်ဆုံးခံစားခဲ့ရသည့်  ရပ်ရွာလူထုတို့သည် ယခင်ကပင် နှစ်ပေါင်းများစွာ နိုင်ငံရေးပဋိပက္ခများ၊ နေရပ်တိမ်းရှောင် ပြောင်းရွေ့ရမှုများနှင့် စီးပွားရေးအရပစ်ပယ်ခြင်းများကို ခံစားနေခဲ့ကြရပြီး မြန်မာနိုင်ငံတွင် ဆင်းရဲချို့တဲ့ဆုံးသူများ ဖြစ်သည်။ ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံတွင်
 ဒုတိယဆင်းရဲမွဲတေမှုနှုန်းအများဆုံးပြည်နယ် ဖြစ်ပြီး လူဦးရေ၏ သုံးပုံနှစ်ပုံမှာ ဆင်းရဲမွဲတေမှုမျဉ်းအောက်တွင် ရှိနေပါသည်။

မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသော အဆိုပါတံတားသည် ဒုက္ခသည်စခန်းရှိနေထိုင်သူများအား ၎င်းတို့၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများရှိရာ စစ်တွေမြို့လယ်ရှိ အရေးပါသောနေရာများသို့ ဆက်သွယ်ပေးသည့် တံတားဖြစ်သည်။ ဓါတ်ပုံ

မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသော ပုံပါတံတားသည် ဒုက္ခသည်စခန်းရှိနေထိုင်သူများအား ၎င်းတို့၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများရှိရာ စစ်တွေမြို့လယ်ရှိ အရေးပါသောနေရာများသို့ ဆက်သွယ်ပေးနေခဲ့သည့် တံတားဖြစ်သည်။

(c) Ben Small/UNDP

မုန်တိုင်းတိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်တွင် လူပေါင်း ၁.၉ သန်းခန့် ထိခိုက်ခဲ့သည်။ အနည်းဆုံး လူ ၁၄၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အာဏာပိုင်များက အစီရင်ခံတင်ပြသော်လည်း အခြားသတင်းရင်းမြစ်များကမူ ယင်းထက် သေဆုံးသူဦးရေ ပိုမိုများပြားကြောင်း တင်ပြကြသည်။ 

ရခိုင်ပြည်နယ်မြို့တော်စစ်တွေတွင် လေပြင်းနှင့်မုန်တိုင်းဒီရေများ ရိုက်ခတ်မှုကြောင့် အဆောက်အဦးအားလုံးနီးပါး ပျက်စီးခဲ့ရသည်။ တံတားများပြိုကျခြင်း၊ ဒေသခံတို့၏ငါးဖမ်းစက်လှေများ နစ်မြုပ်ဆုံးရှုံးခြင်းနှင့် စာသင်ကျောင်းများ၊ ကျန်းမာရေးစောင့်ရှောက်မှု အဆောက်အအုံများပျက်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။ မြေဧရိယာ ၁,၁၈၂ စတုရန်းကီလိုမီတာခန့် ရေလွှမ်းမိုးခံခဲ့ရ၍ ကျွဲ၊နွားတိရစ္ဆာန်များသေဆုံးကာ ‌သောက်သုံးရေအရင်းအမြစ်များ ညစ်ညမ်းခဲ့ပြီး လယ်ယာမြေများလည်း ဆားငန်ရေဝင်‌ရောက်မှုကြောင့် ပျက်စီးခဲ့ရသည်။ စားနပ်ရိက္ခာဈေးနှုန်းများ အဆမတန်မြင့်တက်ခဲ့ပြီး ပျက်စီးသွားသော နေအိမ်များနှင့် အခြေခံအဆောက်အအုံများကို ပြုပြင်ရန်အတွက်လည်း အခြေခံဆောက်လုပ်ရေးပစ္စည်းဈေးနှုန်းများ မြင့်တက်လာခဲ့သည်။

UNDP သည် အရေးပေါ် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနေပြီး လက်ရှိအချိန်အထိ လူဦးရေ ၆၀,၀၀၀ ကျော် ထံသို့ ရောက်ရှိခဲ့ပြီးဖြစ်သည်။ ရပ်ရွာလူထုများ အမြန်ဆုံး ပြန်လည်ထူထောင်လာနိုင်စေရန်နှင့် ၎င်းတို့၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ပြန်လည်တည်ဆောက်နိုင်ရန် ပံ့ပိုးကူညီရေးအပေါ် ကျွန်ုပ်တို့ အာရုံစိုက်လုပ်ဆောင်နေပါသည်။ 

စစ်တွေမြို့နယ်အတွင်း ဒုက္ခသည်စခန်းမှနေထိုင်သူများကို လတ်တလောဝင်ငွေရရှိအောင် မုန်တိုင်းကြောင့် ဖြစ်ပေါ်လာသောအပျက်အစီးများအားရှင်းလင်းရန် လုပ်ခပေးငှားရမ်းခြင်းဖြင့်ကူညီပေးထားပါသည်။

စစ်တွေမြို့နယ်အတွင်း ဒုက္ခသည်စခန်းမှနေထိုင်သူများကို လတ်တလောဝင်ငွေရရှိအောင် မုန်တိုင်းကြောင့် ဖြစ်ပေါ်လာသောအပျက်အစီးများအားရှင်းလင်းရန် လုပ်ခပေးငှားရမ်းခြင်းဖြင့်ကူညီပေးထားပါသည်။

(c) Ben Small/UNDP

ပထမဦးစားပေးဆောင်ရွက်ရန်မှာ အခြေခံအဆောက်အအုံများ ပြုပြင်ခြင်းနှင့် လမ်းများရှင်းလင်းခြင်းဖြစ်သည်။ သို့မှသာ စီးပွားရေးလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်နိုင်မည်ဖြစ်ပြီး ပြန်လည်ထူထောင်ရေးအကူအညီများလည်း ရောက်ရှိနိုင်ကာ မရှိမဖြစ်လိုအပ်သောအခြေခံဝန်ဆောင်မှုများကို လုပ်ဆောင်နိုင်မည်ဖြစ်သည်။ UNDP သည် ဤလုပ်ငန်းကို ဆောင်ရွက်နေသူများအား ဝင်ငွေတစ်ခု လတ်တ‌လောရရှိအောင် ပေးဆောင်ထားပြီး ပါဝင်သူအများစုမှာ  အမျိုးသမီးများနှင့် ပြောင်းရွှေ့ရေးစခန်းများတွင် နေထိုင်သူများဖြစ်သည်။ 

"မုန်တိုင်းတိုက်လို့ ကျွန်မအရင်ကအလုပ်လုပ်ခဲ့တဲ့ စက်ချုပ်ဆိုင်လည်းပြိုသွားတာ ကြောင့် အလုပ်လက်မဲ့ ဖြစ်ခဲ့ရတယ်။ စက်ချုပ်ဆိုင်က ဘာမှမရှိတော့လောက်အောင် ပြိုကျပျက်စီးသွားလို့ ကျွန်မရဲ့အလုပ်ရှင်ကတော့ အခုအချိန်ထိ ပြန်ပြီးတည်ဆောက်ဖို့ ကြိုးစားနေဆဲပါပဲ။ ဒါပေမယ့် အခု စစ်တွေမှာ ဆောက်လုပ်ရေးပစ္စည်းတွေ အရမ်းကိုမှ နှစ်ဆမကလောက်အထိ ဈေးတက်နေတော့  ပြန်ဆောက်ဖို့ကလည်း တော်တော်မလွယ်ပါဘူး" ဟု ၂၀၁၉ ခုနှစ်က စစ်တွေသို့စစ်ဘေးတိမ်းရှောင်လာခဲ့သော၊ ယခုတွင်လည်း UNDP လမ်းရှင်းသည့်လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေသူ မမြဝင်း (အမည်လွှဲ) မှ ပြောပြသွားခဲ့ပါသည်။

“အရင်စက်ချုပ်တဲ့ အလုပ်ကိုပြန်ပြီး လုပ်ဖို့စောင့်နေတုန်းမှာ လတ်တလော ဝင်ငွေလည်းရပြီး စားဝတ်နေရေး အဆင်ပြေအောင်ဖန်တီးပေးတဲ့အတွက် ကျေးဇူးတင်ဝမ်းသာမိပါတယ်။ ဒီကရတဲ့ လုပ်အားခတွေကို ကျွန်မတို့မိသားစု အစားအသောက်ဝယ်ယူတဲ့နေရာမှာ အသုံးပြုသွားမှာပါ။ အခုကသိတဲ့အတိုင်းပဲ အစားအသောက်ဈေးနှုန်းတွေက အဆမတန်ကိုဈေးတက်သွားလို့ ကျွန်မရဲ့သားသမီးတွေကို ထမင်း၊ဟင်းချက်ကျွေးမွေးဖို့တောင် ခက်ခဲနေရပါတယ်။ ပြီးတော့ကလေးတွေ ကျောင်းပြန်ဖွင့်တဲ့ အချိန်လည်းနီးကပ်လာတာမို့လို့ အစားအသောက်ဝယ်ပြီး ပိုတဲ့ပိုက်ဆံကိုတော့ သူတို့ပညာရေးအတွက် အထောက်အကူပြုပစ္စည်းတွေ ဝယ်တဲ့နေရာမှာသုံးသွားပါမယ်” ဟု မမြဝင်းမှ ထပ်မံပြောကြားသွားခဲ့သည်။

Discarded debris in the wake of Cyclone Mocha in Myanmar's Rakhine State

စစ်တွေမြို့၏ ပြည့်နှက်နေသော အပျက်အစီးများကို ရှင်းလင်းရန်လိုအပ်သည့် လုပ်အား၊ ငွေအားအတိုင်းအတာသည် ကြီးမားလှသည်။

(c) Ben Small/UNDP

ကျွန်ုပ်တို့သည် မုတ်သုန်ရာသီအမှီ မုန်တိုင်းဒဏ်သင့်ဒေသခံများ၏ နေအိမ်များကို ပြန်လည်ပြုပြင်ပေးခြင်းအပြင် အစားအစာများ၊ စိုက်ပျိုးစရာ မျိုးစေ့မျိုးစုံများနှင့် သဘာဝမြေဩဇာများ ထောက်ပံ့ဖြန့်‌ဝေ ပေးလျှက်ရှိပါသည်။

သောက်သုံးရေအရင်းအမြစ်များမှာ ပင်လယ်ရေနှင့်ရွှံ့များဝင်ရောက်ပြီး ညစ်ညမ်းပျက်စီးခဲ့ရသောကြောင့် UNDP မှ လူအများ သန့်ရှင်းသောသောက်သုံးရေများ ရရှိရန်အတွက် ရေတွင်းအသစ်များတူးဖော်ခြင်းနှင့် သောက်ရေကန်၊ သောက်ရေတွင်းများ ဆယ်ယူသန့်ရှင်းပေးခြင်းများကို လုပ်ဆောင်ပေးလျှက်ရှိသည်။ ထိုလုပ်ဆောင်မှုသည် ရေကြောင့်ဖြစ်ပွါးသော ကူးစက်ရောဂါများအား မပြန့်ပွါးအောင်ကြိုတင်ကာကွယ်ရာတွင် အလွန်အရေးကြီးသော လုပ်ဆောင်ရမည့်အရာဖြစ်သည်။

UNDP သည်စစ်တွေတွင် ရပ်ရွာစားဖိုဆောင် အစီအစဉ်ဖြင့် စားနပ်ရိက္ခာနှင့် လုပ်အားခကို ရပ်ရွာအသိုင်းအဝိုင်းရှိလူများအား ပေးအပ်ပြီး ဝိုင်းဝန်းချက်ပြုတ်စေကာ ဒေသခံ ၁,၀၀၀ ခန့်အတွက် အစားအစာကို ဝေမျှပံ့ပိုးပေးလျှက်ရှိသည်။

UNDP သည်ရခိုင်ပြည်နယ်တွင် အခြေချထားကာ ခိုင်မာစွာတည်ရှိနေပြီး ယုံကြည်စိတ်ချရသော မိတ်ဖက်ကွန်ရက်များစွာဖြင့် ရေတိုရေရှည် ပြန်လည်ထူထောင်ရေး နှစ်ခုလုံးအတွက် ကောင်းမွန်စွာ ဆောင်ရွက်လျှက်ရှိပါသည်။ကျွန်ုပ်တို့သည် တံတားများနှင့် စိုက်ပျိုးမြေကိုကာကွယ်ပေးနေသည့် ကျေးရွာတာတမံများကဲ့သို့သော အရေးကြီးသည့်အခြေခံအဆောက်အအုံများကို တတ်နိုင်သမျှအမြန်ဆုံး ပြုပြင်ပေးသွားမည်ဖြစ်သည်။ UNDP ၏ အခြားအစီအစဉ်များတွင် ငါးဖမ်းသူများနှင့် လယ်သမားများအား လုပ်ငန်းပြန်လည်စတင်နိုင်ရန် ပံ့ပိုးကူညီပေးခြင်း၊ အသေးစားလုပ်ငန်းများကို ဈေးကွက်နှင့်အရင်းအနှီးအတွက် လက်လှမ်းမီစေရန် ကူညီ‌ပေးခြင်း၊ အမျိုးသမီးများအား တန်းတူညီ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် လုပ်ဆောင်ပေးခြင်းတို့ ပါဝင်သည်။

Titon Mitra, UNDP Myanmar’s Resident Representative, together with Rakhine office team members, visits a bridge destroyed by Cyclone Mocha in Sittwe

UNDP ဌာနေကိုယ်စားလှယ် Titon Mitra မှ ရခိုင်ရုံးအဖွဲ့သားများနှင့်အတူ စစ်တွေမြို့ရှိ ဆိုင်ကလုန်းမိုခါကြောင့် ပျက်စီးသွားသော တံတားအား သွားရောက်ကြည့်ရှုစဉ်။

(c) Ben Small/UNDP

“ဆိုင်ကလုန်းမိုခါ မုန်တိုင်းဒဏ်ခံရသူတွေအတွက် ပြန်လည်ထူထောင်ရေးလမ်းစဟာ ရှည်လျားမှာဖြစ်ပေမဲ့ UNDP က ပြည်သူတွေရဲ့ လတ်တလော အရေးကြီးလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ အသင့်ဖြစ်နေပါတယ်” ဟု UNDP ဌာနေကိုယ်စားလှယ် Titon Mitra မှပြောကြားခဲ့သည်။

“ဒေသခံတွေရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို တတ်နိုင်သမျှ အမြန်ဆုံး ပြန်လည်တည်ထောင်နိုင်အောင် ကူညီပေးသွားပါမယ်။ ဒါမှသာ သူတို့အနေနဲ့ တည်ငြိမ်တဲ့ ဝင်ငွေရပြီး နောင် အနာဂတ်ဘေးအန္တရာယ် ကျလာခဲ့လျှင် ခံနိုင်ရည်ရှိရှိ ရင်ဆိုင်ကျော်လွှားနိုင်မှာပါ။ ရပ်ရွာလူထု တောင့်တင်းခိုင်မာလာအောင် ပံ့ပိုးကူညီဖို့နဲ့ ကူညီထောက်ပံ့မှု က လာမည့် ရက်သတ္တပတ်တွေ၊ လတွေ၊ နှစ်တွေထိ ရေရှည်တည်တံ့ဖို့သေချာအောင် ကျွန်တော်တို့ ကတိကဝတ်ပြုထားပါတယ်” ဟုလည်း ထပ်လောင်းပြောကြားသွားခဲ့ပါသည်။

Read this story in English.