၂၀၁၉ခုနှစ် နိုင်ငံတကာအမျိုးသမီးများနေ့တွင် ကုလသမဂ္ဂမြန်မာနိုင်ငံဆိုင်ရာအဖွဲ့က ထုတ်ပြန်သည့် ကြေညာချက် - “ခွင့်တူညီရေး စဉ်းစားလို့၊ စွမ်းရည်မြှင့်ရေး အလေးပေးဖို့ ၊ဆန်းသစ်နည်းလမ်း ဖော်ထုတ်စို့”

2019- March 8

အမျိုးသမီးတွေဆီမှာ ရင်းနှီးမြုပ်နှံတာဟာ မိသားစုတွေ၊ လူ့အဖွဲ့အစည်းတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ နောက်ဆုံး တိုင်းပြည်တွေကို မြှင့်တင်လုပ်ဆောင်တဲ့အခါမှာ ထိရောက်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ အမျိုးသမီးတွေရဲ့ ပါဝင်လုပ်ကိုင်ဆောင်ရွက်မှုတွေဟာ ငြိမ်းချမ်းရေး သဘောတူညီချက်တွေကို ပိုမိုခိုင်မာစေပါတယ်၊ လူ့အဖွဲ့အစည်းတွေကို မြန်မြန်နဲ့ ပြန်လည်ထူထောင်နိုင်ပါတယ်၊ ပြီးတော့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေကိုလည်း စဉ်ဆက်မပြတ်ဖြစ်ထွန်းစေပါတယ်။ ဒါ့ကြောင့် အမျိုးသမီးတွေကို အားပေးအားမြှောက်ပြုခြင်းဟာ ကျွန်တော်တို့ အားလုံးအတွက် အကျိုးဖြစ်ထွန်းစေတယ်ဆိုတာ အသေအချာပါပဲ။

အမျိုးသမီးအခွင့်အရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုတွေဟာ တစ်ကမ္ဘာလုံးမှာ သိသိသာသာ တိုးတက်ပြောင်း လဲလာတာနဲ့အမျှ မြန်မာနိုင်ငံမှာလည်း ကျွန်တော်တု့ိဟာ ၂၀၁၉ခုနှစ် နိုင်ငံတကာအမျိုးသမီးများနေ့မှာ ပြောထားသလို မျှမျှတတတွေးခေါ်၊ အသိပညာတည်ဆောက်ပြီး အပြောင်းအလဲတွေအတွက် ဆန်းသစ်တီထွင်ဖို့ တွေလိုအပ်လာပါတယ်။

ဒီနေ့ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးစက်ရုံလုပ်ငန်း ခေါင်းဆောင်တွေ၊ လူမှုစွန့်ဦးတီထွင်သူ တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သိပ္ပံပညာရှင်တွေ၊ အနုပညာသမားတွေနဲ့ စမ်းသပ်တီထွင်လုပ်ဆောင်သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ကျင်းပတာဖြစ်ပါတယ်။ ကျားမအခြေခံ အကြမ်းဖက်မှုတွေကနေ လွတ်မြောက်အသက်ရှင်လာ သူတွေ အနေနဲ့ မိမိကိုယ်မိမိ ပြန်လည်ထူထောင်ပြီး သူတို့ရဲ့ မိသားစုတွေ၊ ရပ်ရွာတွေနဲ့ နိုင်ငံအတွက် ဆက်လက် လုပ်ဆောင်နေတာတွေဟာ အမျိုးသမီးတွေရဲ့ သိသာထင်ရှားတဲ့ ခွန်အားတွေပဲ ဖြစ်ပါတယ်။

ဒီနေ့အခမ်းအနားမှာ ကျွန်တော်တို့ဟာ ပဋိပက္ခကနေ ငြိမ်းချမ်းရေးဆီသို့ အသွင်ကူးပြောင်းမှုတွေ၊ စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရက်တစ်အုပ်ချုပ်ရေးဆီသို့ အသွင်ကူးပြောင်းမှုတွေနဲ့ စီးပွားရေးအပိတ်စနစ်ကနေ လွတ်လပ်ပွင့်လင်း လာတဲ့ စီးပွားရေးစနစ်တွေဆီသို့ အသွင်ကူးပြောင်းတဲ့အခါ အမျိုးသမီးတွေအနေနဲ့ ၎င်းတို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အသုံးချနိုင်ဖို့အတွက် အခြေအနေတွေကို ဖန်တီးတဲ့အခါ မြန်မာနိုင်ငံအစိုးရကို ထောက်ပံ့အားပေးမှုတွေကို ဘယ်လိုလုပ်ဆောင်နိုင်ကြမလဲဆိုတာကို ရှာဖွေနေကြပါတယ်။

အမျိုးသမီးတွေဟာ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေကို ပိုမိုအားကောင်းစေပါတယ်

မြန်မာတစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာသဘောတူစာချုပ်နဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး မူဘောင်ဟာ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ အမျိုးသမီးတွေအနေနဲ့ ကိုယ်စားပြုပါဝင်နိုင်တဲ့ နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ တိုးတက်မှုတွေဟာလည်း အောင်မြင်တဲ့ အလားအလာကို ဦးတည်နေပါတယ်။ ၂၀၁၈ခုနှစ်မှာ ကျင်းပတဲ့ တတိယအကြိမ် ပင်လုံညီလာခံမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုဟာ ၂၀ရာခိုင်နှုန်းသို့ တိုးလာပါတယ်။ အစိုးရရဲ့ မဟာဗျူဟာထဲမှာ ပါဝင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အမျိုးသမီးပါဝင်မှု အနည်းဆုံး (၃၀)ရာခိုင်နှှုန်း အထိ ပါဝင်လုပ်ဆောင်လာရေးအတွက် ဆက်လက်လုပ်ဆောင်ဖို့လည်း လိုအပ်ပါတယ်။ သုတေသန အကြံပေး ချက်များအရ ဆွေးနွေးညှိနှိုင်းမှုတွေမှာ အမျိုးသမီးတွေရဲ့ ကြီးမားတဲ့ လွှမ်းမိုးလုပ်ဆောင်မှုတွေက ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ အောင်အောင်မြင်မြင် လက်တွေ့အကောင်အထည်ဖော်ရေးနဲ့ ဆက်စပ်ပတ်သက်နေပါတယ်။ ကုလသမဂ္ဂအနေနဲ့ အစိုးရ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းနဲ့ အခြားသောပါဝင်ဆောင်ရွက်သူတွေနဲ့ လက်တွဲပြီး ရေရှည်ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်မှုမှာ အမျိုးသမီးနဲ့ မိန်းကလေးတွေ ပါဝင်လွှမ်းမိုးဆောင်ရွက်နိုင်ဖို့ကို လုပ်ဆောင်လျက်ရှိပါတယ်။ ကျွန်တော်တို့ဟာ ပညာရပ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှုတွေနဲ့ စွမ်းဆောင်ရည် တည်ဆောက်မှုတွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုနဲ့ ပြည်နယ်အစိုးရတွေကို လုပ်ဆောင်ပေးလျက်ရှိပါတယ်။ ညှိနှိုင်းဆောင်ရွက်မှုဆိုင်ရာ ကြိုးပမ်းအားထုတ်မှုနဲ့ မဟာမိတ်ဖွဲ့ဆောင်ရွက်မှုတွေကို အမျိုးသမီးအရပ်ဘက် လူမှု အဖွဲ့အစည်းတွေကြား တည်ဆောက်ဆောင်ရွက်လျက်ရှိပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေလို ပဋိပက္ခနဲ့ အကြပ်အတည်းအောက်မှာ ရှင်သန်နေထိုင်ခဲ့ရတဲ့ အမျိုးသမီးတွေကို ကာကွယ်ဖို့နဲ့ ပြန်လည်ထူထောင် အားပေးဖို့ အစီအစဉ်တွေကို လက်တွေ့ဆောင်ရွက်လျက်ရှိပါတယ်။ မြေပြင်အနေအထားအရဆိုရင် လှုပ်ရှားဆောင်ရွက်မှု အစီအစဉ်တွေကို အဓိကအားဖြင့် ကချင်၊ ကယား၊ ကရင်၊ မွန်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်တွေမှာ ဆောင်ရွက်လျက်ရှိပါတယ်။ အစိုးရလိုပဲ ကျွန်တော်တို့ဟာ ငြိမ်းချမ်းရေးကို ဦးစားပေး ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ စီစဉ်ဆောင်ရွက်မှုတွေကို ချဲ့ထွင် လုပ်ဆောင်ဖို့ ကြိုးပမ်းလျက်ရှိပါတယ်။

အမျိုးသမီးတွေဟာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုအတွက် မရှိမဖြစ်လိုအပ်ပါတယ်

အမျိုးသမီးတွေရဲ့ ပါဝင်လုပ်ကိုင်ဆောင်ရွက်မှုတွေဟာ ဒီမိုကရေစီရှင်သန်ခိုင်မာရေးအတွက် အဓိကကျတဲ့ သော့ ချက်တစ်ခု ဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ရွေးကောက်ခံ အမျိုးသမီးကိုယ်စားလှယ်ဦးရေဟာ (၁၃) ရာခိုင်နှုန်းသို့ နှစ်ဆတိုးလာတဲ့အတွက် နိုင်ငံရေးမှာ အမျိုးသမီးတွေရဲ့ ခေါင်းဆောင်မှုဟာ သိသိသာသာ မြင့်တက် လာတယ်လို့ ဆိုနိုင်ပါတယ်။ အစိုးရအမှုထမ်းအချိုးအစားကို ကြည့်လိုက်ရင် ကျားမတန်းတူညီမျှမှုကို တွေ့နေရပေမယ့် ဆုံးဖြတ်ချက်ချမှု အခန်းကဏ္ဍနဲ့ ခေါင်းဆောင်မှုအပိုင်းတွေမှာ အမျိုးသားတွေကပဲ လွှမ်းမိုးလျက် ရှိနေတာ ကိုတွေ့ရပါတယ်။ အကြီးတန်းအစိုးရအမှုထမ်းရာထူးရဲ့ (၁.၅) ရာခိုင်နှုန်းကပဲ အမျိုးသမီးတွေ ဖြစ်ပါတယ်။ ရပ်ရွာ အုပ်ချုပ်ရေးတွေမှာဆိုရင် ကျားမတန်းတူ မညီမျှမှုတွေဟာ ပိုမိုသိသာပါတယ်။ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးအားလုံးရဲ့ (ဝ.၂၅)ရာခိုင်နှှုန်းလောက်ကပဲ အမျိုးသမီးတွေ ဖြစ်ကြပါတယ်။ အစိုးရဌာနအဆင့်ဆင့်တွေမှာ အမျိုးသမီးတွေအနေနဲ့ ခေါင်းဆောင်မှု အခန်းကဏ္ဍတွေမှာ ပါဝင်လုပ်ကိုင်ဆောင်ရွက်မှုကို မြှင့်တင်ဖို့အတွက် ကုလသမဂ္ဂအနေနဲ့ အမျိုးသမီးကဏ္ဍ မြှင့်တင်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျုဟာမြောက် ဆောင်ရွက်မှုအစီအစဉ်ကို လက်တွေ့အကောင်အထည်ဖော်လုပ်ဆောင်ဖို့ ကူညီဆောင်ရွက်လျက် ရှိပါတယ်။  ကျွန်တော်တို့အနေနဲ့ ကျားမတန်းတူညီမျှမှုအတွက် တုံ့ပြန်ဆောင်ရွက်နိုင်မယ့် ဥပဒေတွေ၊ မူဝါဒတွေ၊ စီမံကိန်းတွေ၊ စာရင်းဇယားတွေနဲ့ ဘဏ္ဍာငွေတွေကို ဝန်ကြီးဌာနတွေ အားလုံးမှာ ကျားမတန်းတူညီမျှမှုကို ဦးစားပေးတုံ့ပြန် ဆောင်ရွက်တဲ့ အခြေခံမူတွေကနေတစ်ဆင့် ကူညီထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ဟာ အစိုးရအမှုထမ်းတွေ၊ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေ၊ လွှတ်တော်ကိုယ်စား လှယ်တွေကနေစလို့ ရွေးကောက်ခံအမတ်လောင်းတွေ၊ မဲပေးတဲ့သူတွေအထိ အမျိုးသမီးတွေ ညီတူညီမျှ ပါဝင်ဆောင်ရွက်နိုင်ဖို့ အတွက် လိုအပ်တဲ့ စီစဉ်ဆောင်ရွက်မှုတွေကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးတွေဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးအလားအလာတွေကို ဖွင့်ဟပေးနိုင်ပါတယ်

မြန်ဆန်လှတဲ့ စီးပွားရေးဖွံံ့ဖြိုးတိုးတက်မှုတွေကြားမှာ ကျွန်တော်တို့ဟာ အမျိုးသမီးတွေကို ချန်မထားခဲ့ဖို့ လိုအပ် ပါတယ်။ ယနေ့ခေတ်မှာဆိုရင် အမျိုးသမီးဦးရေ စုစုပေါင်းရဲ့ တစ်ဝက်လောက်ကပဲ အလုပ်လုပ်ကိုင်ကြတာကို တွေ့ရမှာ ဖြစ်ပြီး အမျိုးသားတွေကတော့ အမျိုးသားဦးရေရဲ့ (၈၅.၆) ရာခိုင်နှုန်းက အလုပ်လုပ်ကြတာကို တွေ့ရပါ တယ်။ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ ယှဉ်လိုက်ရင် လခအနည်းငယ်သာရရှိပြီး အများစုဟာ ရိုးရိုးသာမန်အလုပ်တွေ လခနည်းပါးတဲ့အလုပ်တွေနဲ့ အဆင့်နိမ့်တဲ့ အလုပ်တွေမှာပဲ လုပ်ကိုင်ကြပါတယ်။ များစွာ သော အမျိုးသမီးတွေဟာ အလုပ်အကိုင်ရရှိမှုအတွက် မိမိတို့ရဲ့ နေရပ်ဒေသကနေ ရွှေ့ပြောင်းလေ့ရှိကြပြီး ပြည်တွင်းမှုာ ရှိတဲ့အလုပ်တွေဟာ အားနည်းပြီး အခွင့်အရေးကာကွယ်ပေးမှုတွေ မရှိကြပါဘူး။ သူတို့ဟာ ရင်းမြစ်နဲ့ သူတို့အတွက် လိုအပ်တဲ့အရာတွေကို လက်လှမ်းမီဖို့အတွက် အကန့်အသတ်တွေရှိနေပါတယ်။ လခမရတဲ့ အလုပ်တော်တော်များများနဲ့ ကြည့်ရှုစောင့်ရှောက်မှုလုပ်ရတဲ့ အလုပ်တော်တော်များများကိုပဲ အမျိုးသမီးတွေ လုပ်ကိုင်ရလေ့ရှိပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ဆောင်ရွက်နိုင်မယ့် အဓိကလုပ်ဆောင်သူတွေပဲ ဖြစ်ကြပါတယ်။ အမျိုးသမီးတွေရဲ့ အလားအလာကို နားလည်သဘောပေါက်ပြီး သူတို့ကို လုပ်ငန်းခွင်တွေထဲမှာ လုပ်ကိုင်နိုင်ဖို့ ဆောင်ရွက်ခြင်းအားဖြင့် မြန်မာနိုင်ငံဟာ ကျားမတန်းတူညီမျှမှု ကနေ မွေးထုတ်ပေးလိုက်တဲ့ စီးပွားရေးရှင်သန်ဖွံဖြိုးမှုတွေကို ခံစားရမှာ ဖြစ်ပါတယ်။ အလုပ်အကိုင်တွေ ဖန်တီးပေးခြင်းအားဖြင့် ကျားမရေးရာ ပိတ်ပင်တားဆို့မှုတွေကို ဖွင့်ချနိုင်ပါတယ်။ ဒါပေမယ့် ဒါတွေကို လုပ်ဆောင်ဖို့အတွက် ဆိုရင်တော့ အမျိုးသမီးတွေအနေနဲ့ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ငွေကြေးသုံးစွဲမှု၊ မြေယာနဲ့ ဆုံးဖြတ်ချက်ချမှုဆိုင်ရာ နေရာတွေကို ထိတွေ့ခွင့်ရမယ့် တန်းတူညီမျှ အခွင့်အရေးတွေ လိုအပ်ပါတယ်။ ကုလသမဂ္ဂဟာ အမျိုးသမီးတွေအနေနဲ့ ကောင်းမွန်လုံခြုံပြီး တန်းတူညီမျှမှုရှိတဲ့ လုပ်ငန်းခွင်တွေမှာ လုပ်ကိုင် ဆောင်ရွက်နိုင်ရေးကို မြှင့်တင်ဖို့ အစိုးရကို လိုအပ်တဲ့အကူအညီတွေ ထောက်ပံ့လျက်ရှိပါတယ်။ အမျိုးသမီးတွေကို လူကုန်ကူးမှုနဲ့ ပြည့်တန်ဆာအဖြစ် စေခိုင်ခြင်းတွေလို အကြမ်းဖက်မှုပုံစံတွေကို လျှော့ချပြီး ကာကွယ်နိုင်ဖို့ အစီအစဉ်တွေကိုလည်း ကျွန်တော်တို့အနေနဲ့ အားပေး လုပ်ဆောင်လျက်ရှိပါတယ်။ ဒါပေမယ့် ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်ဖို့အတွက်ကို ဆက်လက်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

အမျိုးသမီးနဲ့ မိန်းကလေးတွေဟာ အမျိုးသားနဲ့ ယောက်ျားလေးတွေလိုပဲ မြန်မာနိုင်ငံရဲ့ အနာဂတ်တွေပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အမျိုးသမီးအခွင့်အရေးနဲ့ အမျိုးသမီးတွေကို အားပေးအားမြှောက်ပြုမှုဆိုင်ရာ လှုပ်ရှားမှုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အမျိုးသမီးတွေနဲ့ အတူရပ်တည်ပြီး သူတို့အသံတွေကို နားထောင်ပြီးတော့ သူတို့ဆီက သင်ယူရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အစိုးရနဲ့ ပူးပေါင်းပြီးတော့ ပူးပေါင်း ဆောင်ရွက်မှုတွေ အရှိန်မြှင့်လုပ်ဆောင်မှု၊ အသိပညာတည်ဆောက်မှုနဲ့ အပြောင်အလဲအတွက် ဆန်းသစ်တီ ထွင်မှုတွေကို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ မျှမျှတတ တွေးခေါ်ပြီး၂၀၃၀ကို နောက်ဆုံးထားပြီး ကျားမရေးရာ တန်းတူညီမျှမှုကို အောင်မြင်အောင် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။