ကျား၊မရေးရာ အခန်းကဏ္ဍအပါအဝင် မသန်စွမ်းသူများအတွက် အခွင့်အရေးများ- မြန်မာနိုင်ငံရှိ လူမှုအဖွဲ့အစည်းအတွင်း ဖြစ်ပေါ်နေသည့် ကိစ္စရပ်များကို လေ့လာသည့် ပညာပေး ကာတွန်းဗီဒီယိုများ

2023- October 23
Kayan animation

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP) သည် Yangon Film Services (the production arm of Yangon Film School) နှင့် ပူးပေါင်း၍ လူ့ဘောင်အဖွဲ့အစည်းအတွင်း သဘောပေါက် လက်ခံနိုင်မှုများအကြောင်း ဗီဒီယိုအတိုများဖြင့် စီးရီးအလိုက် ရိုက်ကူးဖန်တီးထားပါသည်။

ဤဗီဒီယိုများမှတစ်ဆင့် ကျွန်ုပ်တို့သည် လူ့အဖွဲ့အစည်းအတွင်း မကြာခဏဆိုသလို ဖြစ်ပေါ်နေသော ခွဲခြားဆက်ဆံခံနေရသည့်  ကိစ္စရပ်များအပေါ်  မီးမောင်းထိုးပြနိုင်ရန် ရည်ရွယ်ပါသည်။ ထိုကဲ့သို့ ကန့်သတ်ချက်၊ အတားအဆီးများကို ပယ်ဖျက်ရန်၊ မတူညီသောအုပ်စုများအကြား တန်းတူညီမျှမှုကို တည်ဆောက်ရန်နှင့် မြန်မာနိုင်ငံတွင် မတူကွဲပြားမှုများကို နောက်ဆုံးတွင် လက်ခံပေးနိုင်ကြရန် ကျွန်ုပ်တို့ မျှော်လင့်ပါသည်။

ပညာပေးဗီဒီယို အားလုံးကို လက်သင်္ကေတပြ ဘာသာစကား ပါဝင်ထည့်သွင်းကာ ဘာသာပြန်ဆိုထားပြီး ကချင်၊ ရခိုင်၊ ရှမ်းနှင့် ရိုဟင်ဂျာဘာသာများဖြင့်လည်း UNDP Myanmar ၏ YouTube ချန်နယ်တွင် ကြည့်ရှုနိုင်ပါသည်။

ကျား၊မရေးရာ  တန်းတူညီမျှမှုနှင့် ကျား၊မရေးရာ အခန်းကဏ္ဍတို့တွင် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ

ယောကျ်ားလေးဖြစ်နေလို့ ဘယ်အလုပ်အကိုင်ကိုရွေးသင့်တယ်၊ မိန်းကလေးဖြစ်နေလို့ ဘယ်လိုကျောင်းပဲတက်ရမယ်၊ အားလပ်ချိန်တွေမှာ ဘာလုပ်သင့်တယ်ဆိုပြီး ယောက်ျား၊ မိန်းမ ခွဲခြားဆက်ဆံတဲ့ ကန့်သတ်ချက်တွေဟာ မရှိသင့်ပါဘူး။  

မတူကွဲပြားမှူတွေကို အရှိအတိုင်း လက်ခံပေးပြီး လူတိုင်းဟာမိမိဆန္ဒအတိုင်း မိမိဖြစ်ချင်တဲ့သူ ဖြစ်လာခွင့်ရှိအောင် အားပေးကြပါစို့။

မြန်မာနိုင်ငံရှိ တအောင်းလူမျိုးအများစု ရင်ဆိုင်ကျော်လွှားနေကြရသည့် ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အတားအဆီးများအကြောင်း 

ဝေးလံခေါင်သီသော‌ ဒေသများတွင် ပညာသင်ကြားရသောအခါ အမျိုးမျိုးသော အခက်အခဲများနှင့် ကြုံရသောကြောင့် အထက်တန်းပညာရေးအဆင့်အထိသို့ ရောက်ရှိရန်ပင် ခဲယဉ်းလှပါသည်။ ရောက်ရှိခဲ့လျှင်လည်း ကြီးမားသောဘာသာစကား အတားအဆီးများကြောင့် ပညာသင်ကြားရေးတွင် အခက်အခဲဖြစ်နိုင်သေးသည်။ ထိုသို့သော အတားအဆီး အခက်အခဲများရှိမှုကြောင့် တအောင်းလူမျိုးအများစုမှာ အတန်းပညာရေးကို ဆုံးခန်းတိုင်အောင် မသင်ကြားနိုင်သည့် ဖြစ်ရပ်များစွာရှိနေသည်။  

တအောင်းလူမျိုးအဖြစ် မွေးဖွားလာခဲ့သူတစ်ဦးသည် ထိုကဲ့သို့သော စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်ဖြတ်၍ မိမိကိုယ်ပိုင်စာသင်ကျောင်းတစ်ခု မည်ကဲ့သို့ ကြိုးစားတည်ဆောက်ခဲ့ပုံကို ဤသရုပ်ပြဖန်တီးမှုဗီဒီယိုတွင် ပုံဖော်ရိုက်ကူးထားပါသည်။

မြန်မာနိုင်ငံရှိ မသန်စွမ်းသူများအပေါ် လူအများ၏ တွေးခေါ်သုံးသပ်ပုံအား ပြောင်းလဲခြင်း 

စီးပွားရေးအကျပ်အတည်းနှင့် ပဋိပက္ခများသည် မြန်မာနိုင်ငံရှိ ဖယ်ကြဉ်ခံလူအများစု၏ အခွင့်အရေးများကို ပျက်ပြားစေသဖြင့် မသန်စွမ်းသူများအပါအဝင် အဆိုပါအသိုင်းအဝိုင်းများအတွက် မားမားရပ်တည်ပြီး ယခင်ကထက် ပိုမိုပံ့ပိုး ကူညီ‌ပေးရန်မှာ အရေးကြီးပါသည်။  ယနေ့ မြန်မာနိုင်ငံရှိ မသန်စွမ်းသူများ၏ အခွင့်အရေးများ မြှင့်တင်ခြင်းကို ကူညီပေးရန်အတွက် မြန်မာနိုင်ငံတွင် မျက်မမြင်တစ်ဦးအဖြစ် မွေးဖွားလာခဲ့သူ တစ်ဦးသည် ၎င်း၏ဘဝစိန်ခေါ်မှုများစွာအား မည်ကဲ့သို့ကျော်ဖြတ်ခဲ့သည်ကို ရိုက်ကူးပုံဖော်ထားသော ဤရုပ်ပြဖန်တီးမှုကို ကြည့်ရှုလိုက်ပါ။

လူတစ်ဦးတစ်ယောက်ချင်းစီ၏ မတူကွဲပြားသည့် ပင်ကိုယ် လိင်စိတ်ဖြစ်တည်မှုအား လက်ခံလေးစားမှု တည်ဆောက်ခြင်း 

သားသမီးတွေကိုပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်ကတော့ သူတို့ရဲ့ ကိုယ်ပိုင်ဖြစ်တည်မှုနဲ့ သူတို့ဘယ်သူလဲဆိုတာကို အရှိအတိုင်း လက်ခံပေးပြီး ချစ်ခင်ဖို့၊ လေးစားဖို့ပါပဲ။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ မိမိနဲ့ကွဲလွဲတဲ့ မိမိကိုယ်ပိုင်ဖြစ်တည်မှုကို ဖုံးကွယ်နေရတဲ့ဘဝကို ဟန်ဆောင်ပြီး မနေသင့်ပါဘူး။ 

ပညာရေးတွင် အတားအဆီးများ ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံရှိ ကယန်းလူမျိုး မိန်းကလေးများအကြောင်း 

မြန်မာနိုင်ငံရှိ ကယန်းမိန်းကလေးငယ်များသည် ကျောင်းနေစဉ်အရွယ်တွင် မိမိဒေသမှ ကျော်လွန်၍ အခြားယဉ်ကျေးမှုမတူညီသော ဒေသများသို့ သွားရောက် ပညာသင်ကြားပါက ကျောင်းတွင် ခွဲခြားဆက်ဆံခံရခြင်းများ ကြုံတွေ့ရလေ့ရှိသည်။ တချို့သောမိန်းကလေးငယ်များမှာ ၎င်းတို့၏ မတူကွဲပြားခြားနားသော ဝတ်စားဆင်ယင်ပုံကြောင့် ကမ္ဘာလှည့်ခရီးသွားများနှင့် ဓါတ်ပုံတွဲရိုက်ကာ ဝင်ငွေရှာရပြီး   ကျောင်းမနေရဘဲ စားဝတ်နေရေးအတွက် အလုပ်ထွက်လုပ်ကြရခြင်းများအထိ သင့်တင့်လျောက်ပတ်သော ပညာရေးရရှိရန် အတားအဆီးများစွာနှင့် ရင်ဆိုင်နေကြရသည်။  

မတူကွဲပြားသော ယဉ်ကျေးမှုကို အားသာချက်တစ်ခုအနေဖြင့် တန်ဖိုးထားမြတ်နိုးပြီး ခွဲခြားဆက်ဆံခြင်းများ မပြုလုပ်ရန်မှာ အလွန်အရေးကြီးပါသည်။