UNDP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် ခန့်အပ်လွှာပေးအပ်

2019- March 29

ဓာတ်ပုံ - Global New Light of Myanmar

ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်း ခံရသူ Mr. Peter Batchelor သည် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် ၂၀၁၉ ခုနှစ် မတ်လ ၂၈ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး ၎င်း၏ ခန့်အပ်လွှာကို ပေးအပ်ခဲ့ပါသည်။

နှစ်ပေါင်း လေးဆယ်တာ ကာလအတွင်း UNDP ၏ ဌာနေကိုယ်စားလှယ်ရာထူးကို ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးမှ ပူးတွဲတာဝန်ယူခဲ့ရာမှ ယခုအခါ Mr. Batchelor သည် မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ရာထူးကို ပထမဦးဆုံး စတင်တာဝန်ယူသူ ဖြစ်လာပါသည်။ ယင်းကဲ့သို့ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးနှင့် UNDP ၏ ဌာနေကိုယ်စားလှယ် ရာထူးတို့ကို ခွဲခြားလိုက်ခြင်းသည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Mr. Antonio Gutterres ၏ ၂၀၁၇ ခုနှစ်တွင် စတင်ခဲ့သော ကုလသမဂ္ဂ ဖွံ့ဖြိုးရေးစနစ် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်၏ အရေးပါသော လုပ်ငန်းရပ် တစ်ရပ် ဖြစ်ပါသည်။ Mr. Knut Ostby သည် ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး (ယာယီ) အဖြစ် ဆက်လက်ရှိနေမည် ဖြစ်ပါသည်။      

Mr. Batchelor သည် တောင်အာဖရိက နိုင်ငံသားဖြစ်ပြီး Cambridge တက္ကသိုလ်မှ စီးပွားရေးအထူးပြုဖြင့် ပါရဂူဘွဲ့ကို ရရှိခဲ့သူ ဖြစ်ပါသည်။ ၎င်းသည် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး ကဏ္ဍတွင် နှစ်ပေါင်း ၂၀ ခန့် အတွေ့အကြုံရှိသူဖြစ်ပြီး UNDP ၏ ရုံးချုပ်ဖြစ်သော (နယူးယောက်နှင့် ဂျနီဗာ)၊ အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် အာရှ-ပစိဖိတ်ဒေသများတွင် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါသည်။ ၎င်းသည် UNDP ၏ မြန်မာနိုင်ငံဆိုင်ရာ ညွန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သီရိလင်္ကာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အဖြစ်လည်း ဆောင်ရွက်ခဲ့ပါသည်။

ဓာတ်ပုံ - Global New Light of Myanmar

ယင်းနောက် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်၏ မြန်မာနိုင်ငံဆိုင်ရာ အစီအစဉ် (၂၀၁၈-၂၀၂၂) အရ ငြိမ်းချမ်းရေးနှင့် အုပ်ချုပ်မှုစွမ်းဆောင်ရည် မြှင့်တင်ရေး၊ ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှု၊ တရားဥပဒေ စိုးမိုးရေး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအပါအဝင် နယ်ပယ်များတွင် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်နှင့် မြန်မာနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်နေမှုများနှင့် ရခိုင်ပြည်နယ်တွင် ဆောင်ရွက်လျက်ရှိသော ဒေသအခြေပြု စီမံကိန်းတို့နှင့် စပ်လျဉ်းသည့် တိုးတက်မှုအခြေအနေများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။ UNDP ၏ မြန်မာနိုင်ငံဆိုင်ရာ အစီအစဉ်ကို UNDP ၏ Executive Board က ၂၀၁၈ ခုနှစ်တွင် အတည်ပြုခဲ့ပြီး ၂၀၂၂ ခုနှစ်အထိ ဆက်လက်ဆောင်ရွက်မည်ဖြစ်ပါသည်။ ၎င်းတွင် ၁) အုပ်ချုပ်ရေးနှင့် ငြိမ်းချမ်းရေး ၂) ရေရှည်တည်တံ့ရေးနှင့် အားလုံးပါဝင်သော ဖွံ့ဖြိုးရေး (သဘာဝ ပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲခြင်း) တို့ ပါဝင်ပါသည်။ UNDP သည် နိုင်ငံပေါင်း ၁၇၀ တွင် ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံတွင် ရုံးစတင်ဖွင့်လှစ်ကာ လုပ်ငန်းများ ဆောင်ရွက်သည်မှာ နှစ်ပေါင်း ၅၀ ကျော်ခန့် ရှိပြီဖြစ်သည်။