ဂန္ဓမာပန်းများနှင့်အတူ ဖူးပွင့်လာသော အနာဂတ် – လယ်ယာလုပ်ကိုင်နေသောအမျိုးသမီးများရဲ့ ပြောင်းလဲလာသော အသက်မွေးဝမ်းကျောင်း  

2025- အောက်တိုဘာလ 15
Two women stand in a sunny field of yellow flowers, looking at a bouquet of flowers.

စိုးစိုးဝင်း (ဘယ်ဘက်) နှင့် သူမရဲ့ SLAW အဖွဲ့ဝင်တစ်ယောက်နဲ့အတူ စိုက်ပျိုးထားသော ဂန္ဓမာပန်းများကို ကိုင်ထားပုံ။

Photo: UNDP Myanmar/ မအေးအေးဝင်း 

မရေရာသော ရိတ်သိမ်းမှုဘဝမှ စည်ပင်ဖွံ့ဖြိုးသော ပန်းစိုက်ပျိုးရေးသ

မနက်ခင်းတိုင်း မစိုးစိုးဝင်းသည် သူမရဲ့ လှပသေးငယ်တဲ့ ပန်းခြံထဲကို ဝင်ရောက်ပြီး အစိမ်းရင့်ရောင် အဖူးလေးများမှ ရွှေဝါရောင် ဂန္ဓမာပန်းများ အဖြစ် တဖြည်းဖြည်း ဖူးပွင့်လာပုံကို စောင့်ကြည့်လေ့ရှိပါတယ်။ ဒါက လွန်ခဲ့တဲ့ လအနည်းငယ်ကအထိတော့ အလှမ်းဝေးတဲ့ အိပ်မက်တစ်ခုအဖြစ်သာ ရှိနေခဲ့တာပါ။  

“အရင်တုန်းကဆို ပန်းစိုက်တာဟာ ကျွန်မတို့လို လူတွေအတွက် မဟုတ်ဘူးလို့ပဲ ထင်ခဲ့မိတယ်” ဟု မစိုးစိုးဝင်းက အားတက်သရော ပြောပြပါတယ်။ သူမက အသက် ၄၀ အရွယ်ဖြစ်ပြီး သူမရဲ့မိဘ၊ အစ်မနဲ့ အတူ ကြအိုကျွန်းမှာ နေထိုင်ပါတယ်။ “ဒါပေမယ့် အခုဆိုရင် ဒီမြေကွက်လေးကနေပဲ လစဉ် ဝင်ငွေရအောင် လုပ်နိုင်နေပြီ” လို့ သူမက ဆက်ပြောပါတယ်။ 

မြန်မာနိုင်ငံအလယ်ပိုင်း၊ မြစ်ကမ်းခြေကျေးရွာလေးတစ်ခုဖြစ်တဲ့ ကြအိုကျွန်းမှာရှိတဲ့ မိသားစုအတော်များများလိုပဲ မစိုးစိုးဝင်းတို့မိသားစုဟာလည်း စိုက်ပျိုးရေး၊ အသေးစား ကုန်သွယ်ရေးနှင့် ငါးဖမ်းလုပ်ငန်းတို့ကို အားကိုးအားထားပြု လုပ်ကိုင်ကြရပါတယ်။ သူမနဲ့ သူ့အစ်မတို့ဟာ ချဉ်ပေါင်နှင့် ပြောင်းဖူးလို ရာသီစာ သီးနှံတွေကို အဓိက စိုက်ပျိုးလေ့ရှိကြပါတယ်။ ဒါပေမယ့် ဝင်ငွေရဲ့ မရေရာမှုကတော့ ကြီးမားတဲ့ စိုးရိမ်စရာ တစ်ခုအဖြစ် ရှိနေခဲ့ပါတယ်။ 

တည်ငြိမ်သောအသက်မွေးမှုဆီသို့ ပထမဆုံးခြေလှမ်း 

၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ UNDP ရဲ့ ENCORE စီမံကိန်းက ကျေးရွာမှာ “ပူးပေါင်းပါဝင်သော အသက်မွေးဝမ်းကျောင်းမှု ဆိုင်ရာ အကဲဖြတ်ခြင်း (PLA)” ကို ကျင်းပပေးတဲ့အခါမှာ အခြေအနေတွေ စတင် ပြောင်းလဲလာခဲ့ပါတယ်။ ဒီလုပ်ငန်းစဉ်မှာ ကျေးရွာအတွင်းက အထိခိုက်လွယ်ဆုံး အိမ်ထောင်စုတွေမှ အမျိုးသမီးများကိုစုစည်းပြီး အသက်မွေးမှုဘဝကို မြှင့်တင်နိုင်မယ့် အခွင့်အလမ်းအသစ်တွေကို ရှာဖွေဖို့ ဆွေးနွေးမှုတွေကို ပြုလုပ်ခဲ့ကြတယ်။ ဒေသခံအမျိုးသမီးများရဲ့ လက်ရှိကျွမ်းကျင်မှုများ၊ ဈေးကွက်ရဲ့လိုအပ်ကို ဆန်းစစ်မှုများနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ အခက်အခဲ အဟန့်အတားများကို ဖော်ထုတ်ခဲ့ကြပါတယ်။  

ဆွေးနွေးပွဲမှာ အားလုံးရဲ့ စိတ်ကူးတစ်ခုကတော့ ဂန္ဓမာပန်း စိုက်ပျိုးမှုဖြစ်ပြီး ထိုအကြောင်းအရာကို ပဲ တစ်ညီတစ်ညွှတ်တည်း ထပ်ခါ ထပ်ခါဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြတယ်။  

မြန်မာနိုင်ငံမှာ ဂန္ဓမာပန်းတွေဟာ ပန်းတစ်ခုဆိုတာထက်ပိုတဲ့ အဓိပ္ပါယ်တွေရှိနေပါတယ်။ နေ့စဉ်ဘဝမှာရော  ရိုးရာ ဓလေ့ထုံးစံတွေမှာပါ အစိတ်အပိုင်းတစ်ခု အဖြစ် ပါဝင်နေတာပါ။ ဂန္ဓမာပန်းများကို ဘုရားကျောင်းတွေမှာ ကပ်လှူခြင်း၊ အိမ်တွင်းဘုရားစင်များတွင် ကပ်လှူခြင်း၊ အခမ်းအနားများတွင် အလှဆင်ခြင်းများအပြင် ဆေးကုသရာမှာလည်း အသုံးပြုကြပါတယ်။ ထို့အပြင် ဂန္ဓမာပန်းကို သက်တမ်းရှည်ပြီး စင်ကြယ်သော နမိတ်လက္ခဏာ အဖြစ်လည်း ယုံကြည်မှုတွေရှိပါတယ်။ ယခုလိုမျိုး အဓိပ္ပါယ်ပြည့်ဝနေတဲ့ ဂန္ဓမာပန်း ဟာ ဈေးကွက်မှာ  ဝယ်လိုအား အမြဲရှိနေပြီး ယှဉ်ပြိုင်နိုင်တဲ့ ဈေးကွက်တန်ဖိုးတစ်ခုဖြစ်နေတာပါ။ 

“အနီးအနားက ကျေးရွာတစ်ခုမှာ သူတို့ ဂန္ဓမာပန်းစိုက်ကြပြီး ဈေးကွက်မှာလည်းဈေးကောင်းကောင်းနဲ့ ရောင်းရတယ်ဆိုတာကို ကျွန်မတို့ အမြဲကြားနေရတာ” လို့ မစိုးစိုးဝင်းက ပြောပြပါတယ်။ “အထူးသဖြင့် ဘာသာရေးဆိုင်ရာ ကပ်လှူမှုတွေနဲ့ ပွဲတွေမှာ အသုံးပြုတာမလို့ ဈေးကွက်ရှိတာကိုလည်းသိပေမယ့် ဘယ်လိုစတင်ရမယ်၊ စိုက်ပျိုးရမယ် ဆိုတာကို မသိခဲ့ဘူး” 

PLA လုပ်ငန်းစဉ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ စကားဝိုင်းဆွေးနွေးပွဲတွေက လုပ်ငန်းအသစ်တစ်ခုကို စတင်ရန် စိတ်အားထက်သန်နေတဲ့ အမျိုးသမီး ခုနှစ်ဦးကို ဖွဲ့စည်းပေးခဲ့ပါတယ်။  

သူတို့ဟာ စီမံကိန်းရဲ့ အမျိုးသမီးများအတွက် အသက်မွေးဝမ်းကျောင်းမှု စတင်ရန် အထောက်အပံ့ များပေးတဲ့ (SLAW) အစီအစဉ်ရဲ့ အစိတ်အပိုင်းအဖြစ် “တိုးပွား အသက်မွေးဝမ်းကျောင်းမှု အဖွဲ့” ကို ဖွဲ့စည်းခဲ့ကြပါတယ်။ တစ်ပတ်အကြာမှာပဲ သူတို့ရဲ့ အနာဂတ်ကို ပြောင်းလဲပစ်ဖို့ ခရီးစဉ်ကို စတင်ခဲ့ကြပါတယ်။ 

မျိုးပင်တွေ၊ မြေဩဇာနဲ့ ကိရိယာတွေအပါအဝင် အခြေခံလိုအပ်ချက်တွေကို စီမံကိန်းက ထောက်ပံ့ပေးခဲ့ပြီး လက်တွေ့သင်ကြားပို့ချမှုတွေလည်း ပြုလုပ်ပေးခဲ့ပါတယ်။ ပျိုးခင်းဘယ်လိုတည်ဆောက်ရမယ်၊ အပင်ငယ်လေးတွေကို ဘယ်လိုဂရုစိုက်ရမယ်၊ ပြီးတော့ သူတို့ကို အောင်မြင်စွာ မြေကြီးထဲကို ဘယ်လိုရွှေ့စိုက်ရမယ်ဆိုတာတွေကို လက်တွေ့ သင်ကြားပြသမှုတွေကို ပြုလုပ်ပေးခဲ့တယ်။ “သင်တန်းကြောင့် အခုဆို မျိုးပျိုးခင်း အဆင့်ဆင့် ဘယ်လိုစီမံရမယ်ဆိုတာကို နားလည်သွားပြီ” လို့ မစိုးစိုးဝင်းက ပြောပါတယ်။  

“ကျွန်မတို့ရဲ့ ဝင်ငွေက တည်ငြိမ်မှုမရှိခဲ့ဘူး” ဟု သူမက ပြန်လည်အမှတ်ရနေပုံဖြင့် ပြောပြပါတယ်။ “တစ်ချို့လတွေမှာဆို ကျပ်ငွေ ၂၀၀,၀၀၀ (US$ ၄၈ ခန့်) လောက်ပဲ ရရှိခဲ့တယ်” ။ “ဒီဝင်ငွေတွေက ကျွန်မတို့အတွက် လုံလောက်မှုမရှိဘူး” လို့ သူမက ဆိုပါတယ်

Group photo of women in traditional dress standing in a rural village beside a UNDP sign.

SLAW အဖွဲ့ဝင်များ သူတို့၏ ပန်းခြံအတွင်း အတူတကွ ရပ်နေပုံ။

Photo: UNDP Myanmar/ကျော်ဇင်ဖြိုး 
A hand holding a plant showing its roots.

SLAW အဖွဲ့က ဂန္ဓမာပန်းပျိုးပင်များကို အသုံးပြုကာ ပန်းများ စိုက်ပျိုးနေပုံ။

Photo: UNDP Myanmar/ကျော်ဇင်ဖြိုး  
A group of women plant flowers.

 SLAW အဖွဲ့ဝင်များက UNDP သင်တန်းမှ ရရှိသော အသိပညာ၊ အတတ်ပညာများဖြင့် ဂန္ဓမာပန်းများစိုက်ပျိုးနေပုံ။

Photo: UNDP Myanmar/ကျော်ဇင်ဖြိုး  
A woman watering a field of yellow flowers.

မစိုးစိုးဝင်းသည် သူမ၏ အနာဂတ်ဖြစ်တဲ့ ဂန္ဓမာပန်းများကို ကိုယ်တိုင်ရေလောင်းပေးနေပုံ

Photo: UNDP Myanmar/အေးအေးဝင်

သင်ယူခြင်း၊ ကြီးထွားခြင်း၊ ဝင်ငွေရှာခြင်

ပထမဆုံး အကြိမ်မှာတော့ အမျိုးသမီးတစ်ဦးချင်းစီက ပန်းပင် ၁,၅၀၀ စီ စိုက်ပျိုးခဲ့ကြပါတယ်။ ဒီပမာဏက ပထမဆုံး အနေနဲ့ဆို တနိုင်တပိုင်လေးဖြစ်လို့ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားနိုင်တဲ့ ပမာဏပါ။ သူတို့ဟာ  ဂန္ဓမာပန်းစိုက်ပျိုးတဲ့ ခရီးသစ်ကို စတင်တဲ့အချိန်မှာ စိုက်ပျိုးနေ ကျဖြစ်တဲ့ ပြောင်းဖူးသီးနှံတွေကိုလည်းဆက်လက်စိုက်ပျိုးပြီး  မမျှော်လင့်ပဲ ကြုံတွေ့လာနိုင်တဲ့ ဆုံးရှုံးနိုင်ခြေကို ကြိုတင်ကာကွယ်ခဲ့ကြပါတယ်။ 

မေလရောက်တဲ့အခါမှာတော့ သူတို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေဟာ ပွင့်ဖူးလာခဲ့ပါတယ်။ 

မစိုးစိုးဝင်းဟာ သူမရဲ့ ပထမဆုံးစိုက်ပျိုးခဲ့တဲ့ ဂန္ဓမာပန်းကို ကျပ်ငွေ ၃၀၀,၀၀၀ (US$ ၇၂ ခန့် )နီးပါး ဖြင့် ဂုဏ်ယူစွာ ရောင်းချနိုင်ခဲ့ပါတယ်။ ဒီပမာဏဟာ သူမ ယခင်က အများဆုံးရရှိခဲ့ဖူးတဲ့ တစ်လစာ ဝင်ငွေထက်တောင် ပိုမိုများပြားခဲ့ပါတယ်။
 
“အခုဆိုရင် ကျွန်မတို့ လုပ်နိုင်တယ်ဆိုတာ သိသွားပြီ” ဟု သူမက ပြောပါတယ်။ “နောက်ရာသီမှာ ချဲ့ထွင်စိုက်ပျိုးဖို့ကိုပါ အခုကတည်းက စီစဉ်နေပြီ။ ကျွန်မတို့ရဲ့ ယုံကြည်မှုက ဂန္ဓမာပန်းတွေနဲ့အတူ တိုးပွားလာနေပါတယ။”  

ဒီအောင်မြင်မှုကနေ ပြီးတော့ SLAW အဖွဲ့ဝင်တွေဟာ နောက်လာမယ့် စိုက်ပျိုးရာသီမှာ ပန်းပင် ၁၅,၀၀ ထက်ပိုပြီး စိုက်ပျိုးဖို့ကို စိတ်အားထက်သန်နေကြပါပြီ။ ပထမခြေလှမ်းကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ပြီးနောက်မှာတော့ ပိုမိုကြီးမားတဲ့ ရည်မှန်းချက်တွေနဲ့ အတူ လျှောက်လှမ်းတော့မှာဖြစ်ပါတယ်။  

ယခုလို အောင်မြင်မှုတွေကို အခြေခံပြီး မစိုးစိုးဝင်းဟာ နောက်တစ်ဆင့် ရှေ့ဆက်လိုက်ပါတယ်။ သူမသင်ယူခဲ့ရတဲ့ နည်းစနစ်တွေကို အသုံးချပြီး မျိုးပျိုးပင် ၅၀၀ ကို ထပ်မံပြီး စိုက်ပျိုးခဲ့ပါတယ်။ “ကျွန်မတို့ သင်ယူခဲ့ရတဲ့ နည်းပညာအသစ်တွေနဲ့ ရိုးရာနည်းတွေကို ပေါင်းစပ်ပြီး လုပ်ဆောင်နေတယ်” လို့ သူမက ရှင်းပြပါတယ်။ သူမကတော့ ဂန္ဓမာပန်းစိုက်ပျိုးမှုကို အရှိန်အဟုန် ရှေ့ဆက်ဖို့ စိတ်ပိုင်းဖြတ်ထားပုံပါ။ 

အမျိုးသမီးများသည် ပန်းတစ်ပွင့်ချင်းစီဖြင့် သူတို့၏ အနာဂတ်ကို ပြန်လည်ပုံဖော်နေကြသည် 

ပထမဆုံးခြေလှမ်းစတင်မှုမှာတင် ရရှိခဲ့တဲ့အောင်မြင်မှုက အဖွဲ့ဝင်တွေကြားမှာ မျှော်လင့်ချက်ကို နိုးကြားစေခဲ့ပါတယ်။ ဒါဟာ အတွေးအမြင်တွေကိုပါ ပြောင်းလဲစေခဲ့ပါတယ်။ 

“အရင်တုန်းက ပန်းစိုက်တာကို ကျွန်မတို့ မလုပ်နိုင်ဘူးလို့ ထင်ခဲ့မိတယ်။ ဒါပေမယ့် စနစ်တကျ သင်ကြားပေးမှုနဲ့ အထောက်အပံ့တွေရှိလာတော့ ကျွန်မတို့လည်း အောင်မြင်လာတယ်ဆိုတာကို မြင်တွေ့လာရပြီ” လို့ စိုးစိုးဝင်းက ပြောပါတယ်။  

“ဒါဟာ တကယ်ကို လှပတဲ့အပြင် စိတ်ကျေနပ်စရာလည်း ကောင်းပါတယ်။ တခြားအမျိုးသမီးတွေကိုလည်း စမ်းကြည့်ဖို့ ပြောချင်တယ်။ စိန်ခေါ်မှုတွေကတော့ ရှိနေပေမယ့် သင်ယူရင်းနဲ့ပဲကျွန်မတို့ ရှေ့ဆက်လျှောက်နေရမှာပါ”။ 

ဂန္ဓမာပန်းတွေ ဖူးပွင့်နေတဲ့ ပန်းခြံထဲမှာ မစိုးစိုးဝင်းကို အမြဲမြင်တွေ့နေရမှာပါ။ သူမကိုယ်တိုင်  သူမရဲ့ အနာဂတ် အခွင့်အလမ်းတွေကို ကိုယ်တိုင်ဖန်တီး တည်ဆောက်နေတာကို မြင်တွေ့ရမှာပါ။  


UNDP မြန်မာရဲ့ "Enabling Community Recovery and Resilience (ENCORE)" စီမံကိန်းကို Korea International Cooperation Agency (KOICA)၊ နော်ဝေအစိုးရနှင့် Swiss Agency for Development and Cooperation (SDC) တို့က ပံ့ပိုးထားပါတယ်။