ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေး စီမံချက်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ စတင် မိတ်ဆက်ထုတ်ပြန်

2019- July 30

[ဓာတ်ပုံ - ယမုံဖူးသစ်/UNDP Myanmar]

ရန်ကုန်၊ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၉ ရက် - သက်ရှင်ပြတ်ရွေ့ကြောများတစ်လျှောက်တည်ရှိနေပြီး နှစ်စဉ် မြို့ပြလူဦးရေ ထူထပ်လာနှုန်း ၂.၉ ရာခိုင်နှုန်းရှိနေသဖြင့် ရန်ကုန်တိုင်းဒေသကြီးသည် ငလျင်ဘေးဒဏ် ခံရနိုင်ခြေများသည့်ဒေသဖြစ်သဖြင့် အားကြီးသည့် ငလျင်လှုပ်ခတ်ပါက တိုက်တာအဆောက်အအုံများနှင့် လူ့အသက်ပေါင်းများစွာဆုံးရှုံးရခြင်းတို့ကို ကြုံတွေ့ရနိုင်ပါသည်။ ယင်းကဲ့သို့ ဘေးအန္တရာယ်များကို လျှော့ချနိုင်ရန် ကြိုတင်ပြင်ဆင်ရေး အစီအမံများ ပိုမိုအားကောင်းလာစေရန်နှင့် ထိရောက်သည့် တုံ့ပြန်ဆောင်ရွက်မှုများသည် လွန်စွာ အရေးကြီးပါသည်။

ရန်ကုန်တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသည် ရန်ကုန်တိုင်းဒေသကြီး ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေးစီမံချက်ကို ယနေ့ ထုတ်ပြန်ခဲ့ပါသည်။ ဤစီမံချက်ကို ဥရောပသမဂ္ဂ၏ ရန်ပုံငွေ ကူညီပံ့ပိုးမှုဖြင့် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) နှင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်းရေးဆွဲခဲ့ခြင်းဖြစ်ပါသည်။

ရန်ကုန်တိုင်းဒေသကြီး ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေး စီမံချက်သည် မြေငလျင်ဘေးဒဏ် သက်ရောက်ခံရသည့် ဒေသများရှိ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးမှုများကို အနည်းဆုံးဖြစ်အောင်လျှော့ချရန်နှင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ ပုံမှန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ပါသည်။

စီမံချက် ထုတ်ပြန်သည့်အခမ်းအနားတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ရန်ကုန်တိုင်းဒေသကြီးဟာ ငလျင်ဒဏ် သက်ရောက်ခံရနိုင်ချေများတဲ့ ဒေသမှာ တည်ရှိနေပြီး တချိန်တည်းမှာပဲ လူဦးရေတိုးတက်မှုနှုန်း များပြားခြင်း၊ မြို့ပြရေးရာစီမံကိန်း အားနည်းခြင်း၊ အဆောက်အဦများ ခိုင်ခန့်မှုမရှိခြင်းတွေရှိနေပါတယ်။ ဒါကြောင့် ငလျင်ဆိုင်ရာ ကြိုတင်ပြင်ဆင်ခြင်းနဲ့ ငလျင်ဘေးအန္တရာယ်ကြုံတွေ့လာရတဲ့အခါ တုံ့ပြန်ဆောင်ရွက်ခြင်းတွေကို အစိုးရနဲ့ ပြည်သူလူထု ပူးပေါင်းပြီး လုပ်ဆောင်ကြဖို့ အရေးကြီးပါတယ်။ ဒီလို ဆောင်ရွက်ရာမှာ ရန်ကုန်တိုင်းဒေသကြီး ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေးစီမံချက် ဟာ အရေးပါတဲ့ မူဝါဒရေးရာ စာရွက်စာတမ်းပဲဖြစ်ပါတယ်” ဟုပြောကြားခဲ့ပါသည်။

UNDP ၏ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယ ဌာနေကိုယ်စားလှယ် Ms. Dawn Del Rio က “ငလျင် ဘေးအန္တရာယ် ဖြစ်ပေါ်တိုင်းမှာ အသက်ဆုံးရှုံးမှုများ၊ တိုက်တာအဆောက်အဦးများနဲ့ ပြည်သူများရဲ့ အိုးအိမ်စည်းစိမ် ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေပါတယ်။ ဒီလိုဖြစ်ခြင်းဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ခက်ခက်ခဲခဲ ကြိုးပမ်းထားခဲ့ရတဲ့ တိုးတက်မှုတွေကို ရပ်တန့်ဆုတ်ယုတ်သွားစေပြီး နိုင်ငံရဲ့ ဘဏ္ဍာရေးနဲ့ လူ့အရင်းအမြစ်တွေကို ကြီးမားစွာ ထိခိုက်စေပါတယ်။ ဒါကြောင် ယခုအချိန်မှာ နိုင်ငံတော်အစိုးရနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ဟာ ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေး စီမံချက်တွေကို အသီးသီးရေးဆွဲခဲ့ခြင်းဟာ အချိန်ကောင်းပဲဖြစ်ပါတယ်။ UNDP ဟာ ဖွံဖြိုးတိုးတက်မှုဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဒီစီမံချက်တွေ အကောင်အထည်ဖော်ဖို့ ဆက်လက် ထောက်ပံ့သွားမှာ ဖြစ်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

ဥရောပသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု ကယ်ဆယ်ရေးနှင့် အကူအညီပေးရေးအဖွဲ့မှ နည်းပညာဆိုင်ရာ ကျွမ်းကျင်သူ Mr. Julien Buha Collette မှလည်း “ဒီစီမံချက်ကို ရေးဆွဲနိုင်ခဲ့တာဟာ အလွန်ကောင်းမွန်ပြီး အရေးပါတဲ့ခြေလှမ်းဖြစ်တယ်လို့ မြန်မာနိုင်ငံရဲ့ သဘာဝဘေးအန္တရာယ် လျှော့ချရေး လုပ်ငန်းတွေမှာ နှစ်ပေါင်းများစွာ အထောက်အကူပေးလာတဲ့ အဖွဲအစည်းဖြစ်တဲ့ ဥရောပသမဂ္ဂ အနေနဲ့ မြင်မိပါတယ်။ ဒီစီမံချက် ပုံစံကို စံနမူနာယူပြီး နိုင်ငံတွင်း ငလျင်ဒဏ်ကြုံတွေ့ရနိုင်တဲ့ အခြားဒေသတွေမှာ ပြန်လည်အသုံးချသွားနိုင်ပါတယ်။ ကျွန်ုပ်တို့အနေနဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင် ငလျင်ဘေးဒဏ် ကြံ့ကြံ့ခံနိုင်မှုအတွက် အားထုတ်ကြိုးပမ်းရာမှာနဲ့ ပြည်သူလူထုအတွက် အကျိုးရှိစေမယ့် လုပ်ငန်းစီမံချက်တွေ ဖော်ဆောင်ရာမှာ ဒီစီမံချက်က ဘယ်လိုအကျိုးပြုသွားမယ်ဆိုတာ စောင့်မျှော်ကြည့်ရှုသွားချင်ပါတယ်။” ဟု ပြောပါသည်။

ရန်ကုန်တိုင်းဒေသကြီး ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေး စီမံချက်သည် ၂၀၁၉ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့တွင် ထုတ်ပြန်သွားမည့် အမျိုးသားအဆင့် ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေး စီမံချက်ကို ကိုးကားရေးဆွဲခဲ့ခြင်းဖြစ်ပါသည်။

ရန်ကုန်တိုင်းဒေသကြီး ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေး စီမံချက်သည် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်သားကော်မတီနှင့် သက်ဆိုင်ရာဌာနများနှင့် အဖွဲ့အစည်းများကြား ငလျင်ဘေးလျော့ချရေး ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများနှင့် တုံ့ပြန်သည့်နည်းလမ်းများမြှင့်တင်ရေးလုပ်ငန်းများတွင် ပြုလုပ်ရန်လိုအပ်သည့် အထောက်အကူနည်းလမ်းများ ပေးသွားမည်ဖြစ်ပါသည်။

ရန်ကုန်တိုင်းဒေသကြီး အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသည် ၂၀၁၉ ခုနှစ် ဇွန်လ ၃၁ ရက်နေ့တွင် ရန်ကုန်တိုင်းဆိုင်ရာ ငလျင်ဘေး ဇာတ်တိုက်လေ့ကျင့်မှုအား ပထမဆုံးအကြိမ်ပြုလုပ်သွားမည်ဖြစ်ပါသည်။ ၎င်းလေ့ကျင့်မှုသည် စီမံချက်၏ လက်တွေ့ အသုံးဝင်ပုံများနှင့် အရေးပါပုံများအားစမ်းသပ်သွားမည့်အပြင် စီမံချက်အား ထပ်မံတိုးတက်အောင် ပြင်ဆင်သွားရာတွင် လိုအပ်သည့်အကြုံပြုချက်များရယူနိုင်ရန် ရည်ရွယ်ပါသည်။

ထပ်မံသိရှိလိုပါက ဆက်သွယ်ရန် -

UNDP ဆက်သွယ်ပြန်ကြားရေးဌာန | +95 9 7916 39052 | yamon.phu.thit@undp.org

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန | ဦးဝင်းရွှေ| +95-1-661812

ECHO: Malika Panorat| ဒေသဆိုင်ရာအချက်အလက်နှင့်ဆက်သွယ်ရေးဆိုင်ရာလက်ထောက် | malika.panorat@echofield.eu;

UNDP ၏ အကြောင်း

UNDP သည် နိုင်ငံပေါင်း ၁၇၀ ကျော်တွင် လုပ်ငန်းများ လုပ်ကိုင်လျက် ရှိပြီး နိုင်ငံတကာအယူအဆများ၊ ပြည်တွင်းအသိအမြင်များ၊ နည်းပညာ အကူအညီများ၊ မူဝါဒ အကြံပြုချက်များနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အထောက်အကူပြု လုပ်ငန်းများကို စီစဉ်ပံ့ပိုးပေးလျက်ရှိသည်။ UNDP သည် ကမ္ဘာတဝန်းရှိ နိုင်ငံများ၏ အလွန်အမင်း ဆင်းရဲမွဲတေမှု ပပျောက်ရန်၊ မညီမျှမှုများလျော့ကျသွားစေရန်နှင့် ၂၀၃၀ ပြည့်နှစ်တွင် အကောင်အထည်ဖော်နိုင်ရန် ရည်မှန်းလုပ်ဆောင်နေသည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များ အောင်မြင်ပြည့်မှီရန် ရည်ရွယ် လုပ်ဆောင်လျက် ရှိသည်။

မြန်မာနိုင်ငံတွင် UNDP သည် ၁၉၅၀ ပြည့်နှစ်များမှစတင်ပြီး ပြည်သူလူထုထံသို့ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အကူအညီများအား ပေးအပ်လျက်ရှိသည်။ ယနေ့တွင် UNDP သည် ၂၀၃၀ ပြည့်နှစ်တွင် အကောင်အထည်ဖော်နိုင်ရန် ရည်မှန်းလုပ်ဆောင်နေသည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များ အောင်မြင်ပြည့်မှီရန်အတွက် အကောင်းမွန်ဆုံး နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့် စံချိန်စံနှုန်းများနှင့်အတူ လုပ်ဆောင်လျက်ရှိသည်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးမှ ချမှတ်ထားသည့် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များ၊ လက်တွေ့စမ်းသပ်ထားပြီးဖြစ်သည့် လုပ်ငန်းစဉ်များအား အသုံးပြု၍ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေး၊ စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ်များနှင့် ပတ်သက်၍ ၂၀၃၀ ပြည့်နှစ်တွင် ပြည့်မှီစေရန် မျှော်မှန်းထားသည့် ရည်မှန်းချက်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် အစိုးရနှင့် ပြည်သူလူထုအား ပံ့ပိုးကူညီလျက် ရှိသည်။

Facebook: www.facebook.com/UNDPMyanmar

Twitter: www.twitter.com/UNDP_Myanmar

Website: www.mm.undp.org

ဥရောပသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု ကယ်ဆယ်ရေးနှင့် အကူအညီပေးရေးအဖွဲ့အကြောင်း

ဥရောပသမဂ္ဂနှင့် ၎င်း၏ အဖွဲ့ဝင်နိုင်ငံများသည် ကမ္ဘာတစ်ဝန်း၌ အကြီးမားဆုံး လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးအဖွဲ့ ဖြစ်ပါသည်။ ကယ်ဆယ်ရေးဆိုင်ရာ အကူအညီများသည် ကမ္ဘာတစ်ဝန်းမှ အကူအညီလိုအပ်နေကြသော လူသားများအားလုံးနှင့် ဥရောပသမဂ္ဂ၏ စည်းလုံးညီညွတ်မှုကို ဖော်ပြခြင်းဖြစ်ပါသည်။ ဥရောပသမဂ္ဂသည် သဘာဝ ဘေးအန္တရာယ်နှင့် လူသားများကြောင့် ဖြစ်ပေါ်လာသည့် ဘေးအန္တရာယ်များကြောင့် ထိခိုက်ခံစားရသော အသက်များအား ကယ်တင်ရန်၊ နောက်ထပ်မဖြစ်ပေါ်လာအောင် တားဆီးရန်နှင့် ထိခိုက်ခံစားရမှုကို သက်သာစေရန်နှင့် လူသားတို့၏ သမာဓိဂုဏ်နှင့် သိက္ခာဂုဏ်များအား ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ပါသည်။

ဥရောပသမဂ္ဂသည် လူသားချင်းစာနာထောက်ထားမှု ကယ်ဆယ်ရေးနှင့် အကူအညီပေးရေးအဖွဲ့(ECHO) မှတဆင့် ပဋိပက္ခဘေးနှင့် သဘာဝဘေးများ ကြုံတွေ့ကြရသည့် လူသန်းပေါင်းများစွာကို နှစ်စဉ် ကူညီထောက်ပံ့ပေးလျက်ရှိပါသည်။ ဥရောပသမဂ္ဂသည် Brussels တွင် ရုံးချုပ်ဖွင့်လှစ်ထားပြီး ကမ္ဘာတစ်ဝန်းတွင် ရုံးခွဲများဖွင့်လှစ်ထားပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများအား ထိခိုက်အလွယ်ဆုံးသောသူများအား အထောက်အပံပေးလျှက်ရှိပါသည်။