ရန်ကုန်မြို့၏ မြောက်ပိုင်းတွင်ရှိသော သစ်တောများအတွင်း မျိုးဆက်တစ်ဆက်စာရှိခဲ့သည့် အမှတ်တရများသည် ယခုအခါ ကိန်းဂဏန်းအချက်အလက်များအဖြစ်သို့သာ တဖြည်းဖြည်း ပြောင်းလဲလို့လာနေသည်။
တိုးချဲ့လာသည့် ရန်ကုန်မြို့နှင့်အတူ ပျောက်ကွယ်လာရသော သစ်တောများ
2026- အောက်တိုဘာလ 6
ရန်ကုန်မြို့ပြင် ကျေးလက်ဒေသတစ်ခု၏ နေထွက်ချိန်တွင် သစ်တောများ ရှင်းလင်းခံထားရသည့် မြေကွက်လပ်ဆီမှ မီးခိုးငွေ့များသည် လေထုထဲ ပျံလွင့်လို့နေသည်။ သဘာဝမြေကြီးကို မှီခို၍ အသက်မွေးကြရသည့် ဒေသခံတို့သည် သစ်ပင်များ ဆုံးရှုံးသွားခြင်း၏ နောက်ဆက်တွဲအနေဖြင့် အပူရှိန်မြင့်တက်လာခြင်း၊ မိုးရွာသွန်းမှုပုံစံ ပြောင်းလဲလာခြင်းနှင့် စားဝတ်နေရေးအပေါ် ဖိအားများ တိုးလာခြင်းတို့ကို လက်တွေ့ကိုယ်တိုင် ခံစားနေကြရသည်။
၂၀၂၁ ခုနှစ်မှစ၍ ရန်ကုန်မြို့ မြောက်ဘက်အစွန်အဖျားတစ်လျှောက်ရှိ သစ်တောများသည် အရှိန်အဟုန်ဖြင့် ပျောက်ကွယ်လို့လာနေသည်။ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၏ ဂြိုဟ်တုအချက်အလက် ဆန်းစစ်ချက်အရ လက်ရှိ နှစ်စဉ်ပျမ်းမျှ သစ်တောပြုန်းတီးမှုနှုန်းသည် ယခင်ဆယ်စုနှစ်နှစ်ခုတာကာလပတ်လုံးအတွင်း ကြုံတွေ့ခဲ့ရသည်ထက်ပင် သုံးဆ ပိုမြန်လာနေသည်။
လှည်းကူး၊ တိုက်ကြီးနှင့် မှော်ဘီမြို့နယ်များတွင် စိမ်းစိုဖုံးလွှမ်းခဲ့သည့် သစ်တောများ၏ ၈၇ ရာခိုင်နှုန်းသည် ၂၀၀၀ ခုနှစ်မှစတင်ကာ ဆုံးရှုံးပျောက်ကွယ်သွားခဲ့ရပြီဖြစ်သည်။ ပျောက်ကွယ်သွားသည့် သစ်တောဧရိယာမှာ ၄၆၄ စတုရန်းကီလိုမီတာရှိပြီး အကြမ်းဖျင်းအားဖြင့် ဘောလုံးကွင်းပေါင်း ၆၅,၀၀၀ ခန့်၏ အကျယ်အဝန်းနှင့်ပင် ညီမျှသည်။ အထူးသဖြင့် လှည်းကူးမြို့နယ်တစ်ခုတည်းသည်ပင်လျှင် ၎င်း၏သစ်တော ၉၀ ရာခိုင်နှုန်းကျော်ကို ဆုံးရှုံးခဲ့ရသည်။
ယခုအခါ ထိုသစ်ပင်များ အများဆုံး ဆုံးရှုံးခဲ့သည့် နေရာများသည် ရန်ကုန်တိုင်း၏ အပူဆုံးနေရာများအတွင်းတွင် ပါဝင်လာပြီး လေထုအပူချိန်မှာလည်း အရင်ကထက် ၁.၇ ဒီဂရီစင်တီဂရိတ် အထိ မြင့်တက်လာခဲ့သည်။ ဒေသခံများသည် ထိုသို့သော ပြောင်းလဲမှုများကို ဂြိုဟ်တုဆန်းစစ်ချက်များတွင် မတွေ့ရမီ ကာလကြာမြင့်စွာကတည်းကပင် ကိုယ်တိုင်ကိုယ်ကျ သတိပြု ခံစားမိခဲ့ကြသည်။
အသက်နှစ်ဆယ်ကျော်နှောင်းပိုင်းအရွယ်ရှိပြီဖြစ်သော မသန္တာသည် ရန်ကုန်မြောက်ပိုင်းရှိ မြို့နယ်တစ်ခုတွင် ကြီးပြင်းခဲ့သူဖြစ်သည်။ သူမ၏ ငယ်ဘဝအမှတ်တရများထဲတွင် ဝါးပင်များနှင့် သစ်ပင်အုပ်အုပ်ဆိုင်းဆိုင်းများက ထူထပ်စွာ အရိပ်မိုးထားသဖြင့် အေးမြသည့်လေထုကို ပေးသော အနီးအနားရှိ တောင်ကုန်းပေါ်သို့တက်သည့် လမ်းကလေးတစ်ခုလည်း ပါဝင်နေသည်။
"အခုတော့ အိမ်တွေ၊ ဘုန်းကြီးကျောင်းတွေပဲ ပိုများလာတယ်။ တောအုပ်ကလေးကတော့ တော်တော်လေးကို မရှိတော့သလောက်ပါပဲ" ဟု သူမက ပြောသည်။
သူမ၏ အသက်ကြီးပိုင်း အိမ်နီးချင်းများကလည်း ပတ်ဝန်းကျင်တစ်ခွင် ဖုံးလွှမ်းနေခဲ့သည့် မြင့်မားသော သစ်ပင်ကြီးများ၊ မိုးရေစိုစွတ်နေသည့် မြေသားပေါ်မှာ ထိုးထိုးထောင်ထောင်ထွက်နေသည့် မျှစ်စို့များ၊ ချက်ချင်းသောက်သုံးနိုင်လောက်အောင် ကြည်လင်နေသော စမ်းချောင်းများကို အောက်မေ့လျက်ရှိကြသည်။ တစ်ချိန်က တောရသစ်တောများထဲတွင် ဆင်များကျင်လည်ကျက်စားခဲ့ကြပုံများကိုလည်း သူတို့က သတိတရပြောကြသေးသည်။
ထိုဒေသခံများ၏အမှတ်တရများက သစ်တောပြုန်းတီးမှုများ မဖြစ်ခင်က ဤဒေသသည် မည်သည့်အခြေအနေတွင် ရှိခဲ့သည်ဆိုသော ဂြိုဟ်တုဓာတ်ပုံများ မဖော်ပြနိုင်သည့် အချင်းအရာတစ်ခုကို ဖော်ပြနေသည်။
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်ရှိ ကိုင်းကွင်းကြီးကျေးရွာအနီးက သစ်တောဧရိယာကို ဂြိုဟ်တုနှင့် မြေပြင်မှ ရိုက်ကူးထားသည့် ပုံရိပ်များဖြစ်သည်။
ဒေသရင်းသစ်တောများနှင့် တောရိုင်းဆင်များအပါအဝင် တောရိုင်းတိရစ္ဆာန်များ ကာလရှည်ကြာ တည်ရှိရှင်သန်ခဲ့သည့် ဤနေရာတွင် သစ်ပင်ခုတ်လှဲရှင်းလင်းမှု၏ သက်ရောက်မှုများကို ထင်ရှားစွာ မြင်တွေ့နိုင်သည်။
တစ်ချိန်က သစ်တောက ပေးစွမ်းခဲ့သည့် အကျိုးကျေးဇူးများ
အသက်ခုနစ်ဆယ်ကျော်အရွယ်ရှိပြီဖြစ်သော ဒေါ်ခင်မေသည် သူမ၏တစ်သက်တာလုံးအား တောရသစ်တောစပ်ရှိ ရွာတစ်ရွာတွင် နေထိုင်ဖြတ်သန်းလာခဲ့သူ ဖြစ်သည်။
တစ်ချိန်က စိမ်းလန်းစိုပြည်အုံ့မှိုင်းနေသည့် သစ်ပင်များ နှင့် ထိုသစ်ပင်များအကြားတွင် တောဝက်များ၊ တောကြောင်များနှင့် ဆင်များ နေထိုင်ကျက်စားခဲ့ကြသည်ကိုလည်း သူမ ပြန်အမှတ်ရနေသည်။
ယခုတွင်မူ မခံမရပ်နိုင်လောက်အောင် ပူပြင်းလာခြင်းကိုသာ အထင်ရှားဆုံး သတိပြုမိတော့သည်ဟု သူမက ဆိုသည်။
ဤသစ်တော (သို့မဟုတ်) ဤသစ်တော၏ ကျန်ရှိနေသေးသည့် အကြွင်းအကျန်များသည် အနီးဝန်းကျင်ရှိ အိမ်ထောင်စုများ၏ စားဝတ်နေရေးကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနေဆဲပင်ဖြစ်သည်။ မိသားစုများသည် စားနပ်ရိက္ခာ၊ လောင်စာ နှင့် ဝင်ငွေအတွက် မျှစ်၊ ထင်း၊ မီးသွေးနှင့် တံမြက်စည်းပြုလုပ်သည့် မြက်များကို ရှာဖွေစုဆောင်းရန် ထိုသစ်တောကို မှီခိုနေကြရဆဲဖြစ်သည်။
ဒေါ်ခင်မေကို သူမ၏ မိသားစုနေအိမ်တွင် တွေ့ရစဉ်၊ ထိုနေရာ၌ အိမ်သုံးလိုအပ်ချက်များအတွက် အနီးနားရှိ သစ်တောနယ်မြေများမှ ထင်းများကို ယခုထိ အသုံးပြုနေဆဲဖြစ်သည်။ သစ်တောများ ပြုန်းတီးလာသည်နှင့်အမျှ လူထုသည် ၎င်းတို့၏ စားဝတ်နေရေးနှင့် နေ့စဉ်သုံး အရင်းအမြစ်များအပေါ် ပိုမိုကြီးမားသော ဖိအားများနှင့် ရင်ဆိုင်နေကြရသည်။
“အရင်တုန်းက တောကောင်းတုန်းကဆိုရင် ဘယ်သစ်ပင် ဘယ်နားရှိလဲ သိတော့ သွားရလာရတာ လွယ်တယ်၊” ဟု တောင်သူ ကိုသန်းအောင်က ပြောပြသည်။ “အခု တောထဲဝင်ကြည့်လိုက်ရင်တော့ လမ်းတွေအကုန်လုံး ပိတ်နေပြီ။”
သူမပိုင်ဆိုင်သည့် မြေကွက်လေးထဲတွင် ပျိုးပင်လေးတစ်ပင်ကို မယမင်း စိုက်ပျိုးနေစဉ်။ ရပ်ရွာဒေသခံဆိုင်ရာသစ်တောအဖွဲ့ဝင်တစ်ဦးအနေဖြင့် သူမသည် ဒေသမျိုးရင်းသစ်ပင်ကြီးများကို ကာကွယ်ထိန်းသိမ်းရင်း တစ်ဖက်ကလည်း မိသားစုစားဝတ်နေရေးအတွက် ရာသီပေါ်သီးနှံပင်များကို စိုက်ပျိုးလျက်ရှိသည်။
တိုက်ကြီးမြို့နယ်တွင်းရှိ မြို့တစ်မြို့တွင် နေထိုင်သူ အသက်လေးဆယ်ကျော်အရွယ် တောင်သူ ကိုသန်းအောင်သည် တောထဲရှိ လူသွားလမ်းများအား အလွတ်ရသည့်အထိ ကျွမ်းကျင်ခဲ့သူဖြစ်သည်။ တောင်သူ မဖြစ်မီက သူသည် တံမြက်စည်းပြုလုပ်သည့် မြက်ပင်၊ မျှစ်၊ မီးသွေးနှင့် ထင်းရှာပြီး နှစ်ပေါင်းများစွာ အသက်မွေးခဲ့သည်။
တစ်ချိန်က သစ်ပင်များကို အမှတ်အသားပြု၍ လမ်းကြောင်းကို ရှင်းရှင်းလင်းလင်း သိနိုင်ခဲ့သော်လည်း ယခုအခါတွင်မူ လမ်းကြောင်းများသည် နွယ်ပင်များနှင့် ချုံနွယ်ပိတ်ပေါင်းများ ဖုံးလွှမ်းလာသဖြင့် ပိတ်ဆို့ကာ သွားလာ၍ မရတော့ပေ။
သစ်ပင်များ ပြုန်းတီးလာမှုကို လမ်းများတွင်သာမက အခြားနေရာများတွင်လည်း မြင်တွေ့နိုင်သည်။ သစ်ပင်များ အုပ်ဆိုင်းမှု နည်းလာသဖြင့် မြေပြင်ပေါ် နေရောင်ပိုကျလာပြီး ယခင်က သစ်တောက ပေးခဲ့သည့် အရိပ်နှင့် အစိုဓာတ်တို့ လျော့နည်းလာသည်။ အနီးအနားရှိ စိုက်ခင်းများတွင် အပူဒဏ်သည် သီးနှံများအား ထိခိုက်နေသည်ဟု ကိုသန်းအောင်က ပြောသည်။ ယခင်က အချိန်တော်တော်ကြာတဲ့အထိ စိမ်းလန်းနေလေ့ရှိသည့် သူ၏ စိုက်ခင်းများတွင် ယခုတော့ အရွက်များ လိပ်ကာ ခြောက်သွေ့လာနေသည်။
တောင်သူများအတွက်မူ ဤဆုံးရှုံးမှုသည် သစ်ပင်များ ဆုံးရှုံးမှုတစ်ခုသာ မဟုတ်ဘဲ မသေချာမရေရာသော အနာဂတ်တစ်ခုကို ပုံဖော်ပေးနေခြင်းလည်း ဖြစ်သည်။ တောင်သူတစ်ဦးဖြစ်ပြီး ရပ်ရွာအခြေပြုသစ်တောကြိုးဝိုင်းအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သူ မယမင်းသည် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သူမ၏ နာနတ်စိုက်ခင်းများ ပျက်စီးခဲ့ရသည်ကို တွေ့ကြုံခဲ့ရသည်။ ပြင်းထန်သည့် နွေအပူဒဏ်ကလည်း သူမ၏ သစ်ပင်များကို ထိခိုက်စေခဲ့သည်။ ကျန်ရှိသည့် အသီးများကိုပင် အရည်အသွေး မည်မျှကောင်းမည်၊ အရေအတွက် မည်မျှရမည်ကို ယခင်ကလောက် ခန့်မှန်း၍ မရတော့ဟု သူမက ဆိုသည်။ ထို့ကြောင့် ရိတ်သိမ်းရန်နှင့် ရောင်းချရန် ကြိုတင်စီစဉ်ရ ပိုခက်လာသည်။
တစ်ချိန်က နေ့စဉ်ဘဝအပေါ် ကျရောက်လာနိုင်သည့် ဒဏ်များကို လျော့ပါးစေခဲ့သော သစ်တောများသည် ယခုအခါတွင်မူ ရာသီဥတုအစွန်းရောက်မှုများ ကြုံတွေ့ရာ နေရာဖြစ်လာတော့သည်။
သစ်တောတစ်ခု ပျောက်ကွယ်လာပုံ
ဤသစ်တောများသည် ဖြစ်ရပ်တစ်ခုကြောင့်သာ ပျောက်ကွယ်သွားခဲ့သည်တော့ မဟုတ်ပေ။ အိမ်ထောင်စုများ၏ လိုအပ်ချက်များ၊ တိုးချဲ့လာသည့် လူနေအခြေချရာနေရာများ၊ သစ်တောသယံဇာတများကို စီးပွားဖြစ်ထုတ်လုပ်ခြင်းများ နှင့် စိုက်ပျိုးမြေအတွက် မြေယာရှင်းလင်းခြင်းများကဲ့သို့သော ဖိအားများ ပေါင်းစပ်ပြီး တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့ရခြင်းဖြစ်သည်။
ရပ်ရွာနေလူများသည် ချက်ပြုတ်ရန် ထင်း၊ ရောင်းချရန် မီးသွေးနှင့်သစ်၊ အိမ်ဆောက်ရန် (သို့မဟုတ်) သီးနှံစိုက်ပျိုးရန်မြေ အစရှိသည်တို့ကို လိုအပ်ခဲ့ကြသည်။ တိုးချဲ့လာသည့် ရန်ကုန်မြို့အစွန်အဖျားသို့ ရောက်လာသော မိသားစုအချို့မှာ အခြားနေရာများမှ ပဋိပက္ခများ နှင့် စီးပွားရေးအခွင့်အလမ်းများ နည်းပါးလာမှုကြောင့် နေရပ်စွန့်ခွာခဲ့ရသူများဖြစ်သည်။ လူနေအခြေချရာများ တိုးလာသည်နှင့်အမျှ အိမ်ရာနှင့်စိုက်ပျိုးရေးအတွက် သစ်တောများကို ရှင်းလင်းခဲ့ကြသည်။ တစ်ချိန်တည်းတွင် ပိုမိုမတည်ငြိမ်လာသော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကြောင့် ကျန်ရှိနေသည့် သဘာဝသယံဇာတများအပေါ်မှီခိုမှုကလည်း ပိုကြီးမားလာသည်။
“လူတွေက တစ်ကိုယ်ရေသုံးဖို့အတွက်ပဲ သစ်မခုတ်ကြတော့ဘူး။ ခုတ်ပြီး ပြန်ရောင်းကြတယ်။ ဝယ်တဲ့သူတွေကလည်း ဒါကိုဝယ်ပြီး တစ်ဆင့်ပြန်ရောင်းကြတာပဲ။”— ကိုသန်းအောင်၊ တောင်သူ
ဤသံသရာမှ ရုန်းထွက်နိုင်ရန်မှာလည်း တဖြည်းဖြည်း ပိုခက်လာနေသည်။ သစ်တောများပြုန်းတီးလာမှုကြောင့် မြေကြီးအတွက် အရိပ်နှင့်အကာအကွယ်တွေ နည်းပါးလာကာ ပိုပူပြင်းပြီး ခန့်မှန်းရခက်လာသော ရာသီဥတုအခြေအနေများသည် စိုက်ပျိုးရေးဆောင်ရွက်ချက်များကို ပိုမိုခက်ခဲလာစေသည်။ စားဝတ်နေရေးပိုမိုကျပ်တည်းလာလေ ကျန်ရှိသည့် သယံဇာတများအပေါ် ပိုမှီခိုလာကြရလေဖြစ်သည်။ ထို့ကြောင့် သစ်တောများခုတ်ထွင်းရှင်းလင်းခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများသည် သစ်ပင်ခုတ်လှဲခဲ့သည့် နေရာများတွင်သာ ရပ်တန့်မနေတော့ဘဲ ပတ်ဝန်းကျင် တစ်ခုလုံးကိုပါသက်ရောက်လာပြီဖြစ်သည်။
ဤသို့ဖြစ်ရပ်ပေါင်းစုံစုပြုံရာမှ ဖြစ်လာသော ဆုံးရှုံးမှုများကို ဂြိုဟ်တုမှတ်တမ်းများက ထင်သာမြင်သာရှိအောင် ဖော်ပြပေးလျက်ရှိသည်။ စိမ်းလန်းသည့် နေရာများသည် တစ်နှစ်ပြီးတစ်နှစ် တဖြည်းဖြည်း ကျဉ်းမြောင်းပျောက်ကွယ်လာနေရာမှ နောက်ဆုံးတွင် ထိုပြောင်းလဲမှုသည် လျစ်လျူရှု၍ မရနိုင်တော့သည့် ပုံစံတစ်ခုအဖြစ် ထင်ရှားလာတော့သည်။
အပူဒဏ်ကြားတွင် ကြီးပြင်းလာရသည့် မျိုးဆက်
လူငယ်အများစုက အလုပ်အကိုင်နှင့်အခြားအခွင့်အလမ်းများ ရှာဖွေရန် ဤဒေသမှ ထွက်ခွာသွားနေကြချိန်တွင် အသက်နှစ်ဆယ်ကျော်အရွယ် ကိုဝေယံသည် ရာသီဥတုဒဏ်ကိုရင်ဆိုင်နေရသည့် ကျေးရွာတစ်ရွာတွင် သူ့မိသားစု၏ ကျွဲကောသီးနှင့် နာနတ်သီးစိုက်ခင်းများကို ဆက်လက်လုပ်ကိုင်နေလျက်ရှိသည်။
မိုးရာသီတွင် သူ့ရွာ၌ တစ်ခါတစ်ရံ ရေကြီးတတ်ပြီး၊ နွေရာသီတွင်မူ ရေအရင်းအမြစ်အချို့ ခမ်းခြောက်သွားတတ်သည်ဟု သူကဆိုသည်။ ယခင်က လမ်းတစ်လျှောက် သစ်ပင်များ ထူထပ်စွာ အရိပ်မိုးထားသဖြင့် အပူဒဏ်မှ သက်သာခဲ့သည်ကိုလည်း သူက အောက်မေ့လျက်ရှိသည်။ ယခုအခါတွင် ထိုအရိပ်များ မရှိတော့ကြောင်း နေရာများကို ညွှန်ပြလျက် သူကဆိုသည်။
“တောတောင်တွေက ဝင်ငွေအတွက်တင်မကဘဲ ရာသီဥတုအတွက်ပါ အရေးကြီးတယ်။ ရေကြီးတာတွေနဲ့ ရာသီဥတုအခြေအနေတွေက တောတွေနဲ့ ဆက်စပ်နေတယ်။”— ကိုဝေယံ
ရန်ကုန်ကျေးလက်ဒေသတွင် မကြာသေးမီက မီးရှို့ရှင်းလင်းထားသည့် မြေကွက်လပ်တစ်ခု၌ သစ်တောပြုန်းတီးမှု၏ အကျိုးဆက်ကို အထင်အရှား မြင်တွေ့ရသည်။ သစ်ပင်ဖုံးလွှမ်းမှု နည်းလာသည်နှင့်အမျှ နေ့အပူချိန်များ ပိုမြင့်လာခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်၊ စိုက်ပျိုးရေးနှင့် နေ့စဉ်ဘဝများတွင် မိုကျပ်တည်းလာခြင်းတို့ကို ဒေသခံများက ကြုံတွေ့နေရသည်။
သစ်ပင်များ ခုတ်လှဲပြီး အပင်များကို မီးရှို့ရှင်းလင်းထားသည့် ရန်ကုန်ကျေးလက်ဒေသရှိ သစ်တောမြေတစ်နေရာဖြစ်သည်။ သစ်တောများ ဆုံးရှုံးလာခြင်းက အပူရှိန်မြင့်တက်မှု၊ မြေကြီး၏ စိုထိုင်းဆ လျော့နည်းလာမှုနှင့်၊ ကျေးလက်နေ ပြည်သူတွေရဲ့ စားဝတ်နေရေးတို့အပေါ် ကျပ်တည်းမှုတွေ ပိုမိုသက်ရောက်လာစေသည့် အကြောင်းရင်းတစ်ရပ်ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
UNDP ၏ လေ့လာမှုတစ်ခုအရ ရန်ကုန်ရှိ လူငယ်များ၏ ၇၃.၂ ရာခိုင်နှုန်းက ရာသီဥတုအခြေအနေများ ပိုဆိုးလာမည် သို့မဟုတ် လက်ရှိကဲ့သို့ ဆိုးရွားနေဦးမည်ဟု ယူဆထားကြသည်။ ထို့ကြောင့် ရန်ကုန်သည် လူငယ်များအကြား ရာသီဥတုအခြေအနေနှင့်ပတ်သက်၍ အဆိုးဘက်မှမျှော်မှန်းမှု အများဆုံးရရှိထားသည့် ဒေသများအနက် တစ်ခုဖြစ်နေသည်။
နိုင်ငံတစ်ဝန်းရှိ နိုင်ငံရပ်ခြားသို့ ရွှေ့ပြောင်းထွက်ခွာရန် စဉ်းစားနေသော လူငယ်များအနက် ၁.၅ ရာခိုင်နှုန်းကသာ ပတ်ဝန်းကျင်နှင့် ဘေးအန္တရာယ်ဆိုင်ရာ အန္တရာယ်များကို ရွှေ့ပြောင်းနေထိုင်ရန် စဉ်းစားရသည့် အဓိကအကြောင်းရင်းအဖြစ် ဖော်ပြခဲ့ကြသည်။ စီးပွားရေးအခက်အခဲ၊ ပဋိပက္ခနှင့် အခွင့်အလမ်းမရှိခြင်းတို့က ပိုမိုအရေးပါသည့် အဓိကတွန်းအားများအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်သည်။ သို့သော် ဤဖိအားများသည် သီးခြားစီ ဖြစ်ပေါ်ရန်မှာ ခဲယဉ်းလှသည်။ ရာသီဥတုဆိုင်ရာ ဘေးအန္တရာယ်များသည် စိုက်ပျိုးရေးဆုံးရှုံးမှုများ၊ အသက်မွေးဝမ်းကျောင်း မတည်ငြိမ်မှုများနှင့် ပဋိပက္ခတို့ကို ပိုဆိုးစေနိုင်ပြီး ယင်းဖိအားများအား စုပြုံကြုံတွေ့ရသည့်အခါ နေရပ်မှ ထွက်ခွာရန် ဆုံးဖြတ်နိုင်ခြေလည်း ပိုများလာသည်။
တစ်နည်းအားဖြင့်ဆိုရသော် လူတစ်ဦးတစ်ယောက်က နေရပ်မှ ထွက်ခွာရသည့် အကြောင်းရင်းအဖြစ် သစ်တောပြုန်းတီးမှုကို ထုတ်ဖော်မပြောသော်လည်း ထိုဆုံးရှုံးမှု၏ သက်ရောက်မှုသည် အရေးပါနေနိုင်သည်။
ပြန်လည်ရှင်သန်လာနိုင်သည့်အရာများ
ရပ်ရွာတစ်ခုက ပတ်ဝန်းကျင်ပြောင်းလဲမှုကို မည်သို့ကြုံတွေ့နေရကြောင်းကို လူတစ်ဦးချင်းစီ၏ အတွေ့အကြုံတစ်ခုချင်းစီမှ အလုံးစုံ မြင်တွေ့နိုင်ရန်မှာ ခက်ခဲနိုင်သည်။ တောင်သူတစ်ဦးက စိုက်ခင်းထဲတွင် ပိုပူလာသည်ကို သတိပြုမိနိုင်သည်။ မိသားစုတစ်စုက စမ်းချောင်းတစ်ခုတွင် ယခင်ကလောက် ရေစီးသည့်အချိန်အတိုင်းအတာ မကြာတော့သည်ကို သတိပြုမိနိုင်သည်။ လမ်းတစ်လမ်းသည် ချုံနွယ်ပိတ်ပေါင်းများအောက် ပျောက်ကွယ်သွားနိုင်သည်။ ရွာတစ်ရွာသည် ရေကြီးမှု ပိုမိုမကြာခဏ ဖြစ်လာနိုင်သလို ခြောက်သွေ့ရာသီ၌ ရေအတွက် အခက်အခဲ ကြုံတွေ့လာရနိုင်သည်။
ဂြိုဟ်တုဓာတ်ပုံများက ထိုသို့ တစ်ဦးချင်းစီ တွေ့မြင်ရသည့် အခြေအနေများကို တစ်စုတစ်စည်းတည်း မြင်သာစေသည်။ ပြန့်ကျဲနေသည့် လူသားအတွေ့အကြုံအမှတ်တရများကို တိုင်းတာနိုင်ကာ နှိုင်းယှဉ်မှုများလည်း ပြုလုပ်နိုင်ပြီး အချိန်နှင့်အမျှ စောင့်ကြည့်နိုင်သည့် ပုံစံတစ်ခုအဖြစ် ပြောင်းလဲပေးနိုင်သည်။
ဤပြောင်းလဲမှုဖြစ်စဉ်များကို ပုံဖော်ရာတွင် ထိုဒေသတွင် နေထိုင်ကြသူ ဒေသခံများ၏ ဆုံးဖြတ်ချက်တို့က တစ်စိတ်တစ်ပိုင်း ပါဝင်ပတ်သက်မှုရှိခဲ့သည်ဟုဆိုလျှင် ရှေ့ဆက်ဖြစ်လာမည့် အခြေအနေကိုလည်း ထိုဒေသခံများ၏ လုပ်ဆောင်မှုများကသာ ဆက်လက် ပုံဖော်ပေးနေမည်ပင်ဖြစ်သည်။
ရန်ကုန်ကျေးလက်ဒေသတစ်ခုတွင် ကျန်ရှိနေသေးသည့် စိမ်းလန်းစိုပြေနေသေးသော မြင်ကွင်းတစ်ခုဖြစ်သည်။ သစ်တောပြုန်းတီးမှုကြောင့် လူမှုအသိုင်းအဝိုင်းများစွာ၏ အခြေအနေများ ပြောင်းလဲသွားခဲ့ပြီဖြစ်သော်လည်း ကျန်ရှိနေသေးသည်များကို ကာကွယ်ပြီး သစ်ပင်များ ပြန်လည်စိုက်ပျိုးခြင်းဖြင့် နောင်လာမည့် ဆယ်စုနှစ်များအတွင်း ရာသီဥတုနှင့် အသက်မွေးဝမ်းကျောင်းအခြေအနေများကို ဆက်လက်ပုံဖော်ပေးနိုင်ဆဲ ဖြစ်သည်။
ရန်ကုန်အပါအဝင် မြန်မာနိုင်ငံ၏ အခြားသောနေရာဒေသများတွင် လူငယ်များသည် သစ်တောပြန်လည်ပြုစုပျိုးထောင်ခြင်း၊ ရေစီမံခန့်ခွဲခြင်း၊ မိုးခေါင်ရေရှားမှုနှင့် လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ခြင်း၊ ရေကြီးမှု၏ သက်ရောက်မှုများကို လျှော့ချခြင်း စသည်တို့မှတစ်ဆင့် ဤပြောင်းလဲမှုများကို တုံ့ပြန်ဆောင်ရွက်နေကြပြီဖြစ်သည်။ UNDP က ပံ့ပိုးသည့် hackathon အစီအစဉ်များကလည်း ထိုအကြံဉာဏ်အချို့အတွက် အထောက်အပံ့ နှင့် ကျယ်ပြန့်သော လက်လှမ်းမီမှုများရရှိရန် ကူညီဆောင်ရွက်ပေးနိုင်ခဲ့သည်။
များစွာသောသူတို့အတွက် တစ်စုံတစ်ခုကို လုပ်ကိုင်ဆောင်ရွက်လိုသောစိတ်သည် သူတို့အိမ်ဟုခေါ်သော ဤနေရာများ၏ တစ်ချိန်ကပုံပန်းသဏ္ဌာန်နှင့် ခံစားချက်ကို အမှတ်ရခြင်း နှင့် ကျန်ရှိနေသောအရာများကို ကာကွယ်လိုစိတ်မှ အစပြုသည်။
မသန္တာအတွက် ထိုသို့သော အစပြုမှုသည် သူအမှတ်ရနေသော လမ်းတစ်လမ်းမှ စတင်ခဲ့သည်။
သူမသည် ဝါးပင်၊ သစ်ပင်များနှင့် အရိပ်အာဝါသကောင်းခဲ့သည့် တောင်ကုန်းပေါ်က လမ်းကလေးကို ပြန်အမှတ်ရနေဆဲဖြစ်သည်။ ယခုအခါ သူမသည် တိုက်ကြီးမြို့နယ်ရှိ သစ်ပင်စိုက်ပျိုးသည့်နေရာတစ်ခုတွင် စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ခဲ့ပြီး ပျောက်ကွယ်သွားသောအရာအချို့ကို ပြန်လည်ထူထောင်ရန် ကူညီလျက်ရှိပြီဖြစ်သည်။
မယမင်းမှာမူ ရပ်ရွာအခြေပြုသစ်တောကြိုးဝိုင်းပိုင်သစ်တောမြေတွင် သူမ၏ သီးနှံများအား အရိပ်ပေးပြီး မြေကြီး၏ စိုထိုင်းဆကို ထိန်းပေးသည့် ဒေသရင်းသစ်ပင်များနှင့်အတူ ယှဉ်တွဲပြုစုထိန်းသိမ်းထားခြင်းဖြင့် မတူကွဲပြားသော သစ်တောထိန်းသိမ်းမှုတစ်ခုကို လုပ်ဆောင်လျက်ရှိသည်။
“သစ်တောကို ကာကွယ်တာက လူတစ်ယောက်တည်းရဲ့ တာဝန်မဟုတ်ပါဘူး။ လူတိုင်းပါဝင်ဖို့ လိုပါတယ်။” ဟု သူမက ပြောသည်။
ရန်ကုန်မြောက်ပိုင်းမှ သစ်တောများသည် လုပ်ရပ်တစ်ခုတည်းကြောင့် တစ်မုဟုတ်ချင်း ဆုံးရှုံးခဲ့ရခြင်းမျိုး မဟုတ်ပေ။ ၎င်းတို့၏ ပြန်လည်နာလန်ထူမှုသည်လည်း တဖြည်းဖြည်းသာ ဖြစ်လာနိုင်မည်ဖြစ်သည်။ သစ်ပင်တစ်ပင်ကို စိုက်ပျိုးလိုက်ခြင်း၊ သစ်တောတစ်ကွက်ကို ကာကွယ်လိုက်ခြင်း၊ တောင်သူတစ်ဦးက ဒေသရင်းသစ်ပင်များကို မခုတ်လှဲဘဲ ထိန်းသိမ်းထားရန် ဆုံးဖြတ်လိုက်ခြင်း စသည်တို့ဖြင့် တဖြည်းဖြည်းချင်း ပြန်လည်ထူထောင်လာရမည်ပင်ဖြစ်သည်။
ထိုသို့ဖြင့် တစ်နေ့နေ့တွင် သစ်ပင်ရိပ်များ အုပ်အုပ်ဆိုင်းဆိုင်းရှိသည့် လမ်းတစ်လမ်းကိုလည်း ပြန်လည်မြင်တွေ့လာရနိုင်ပါသည်။
ဤဆောင်းပါးကို UNDP ၏ ဂြိုဟ်တုအချက်အလက် ဆန်းစစ်ချက်များ၊ ၂၀၂၆ ခုနှစ် အစောပိုင်းတွင် ရန်ကုန်မြောက်ပိုင်းမြို့နယ်များရှိ ဒေသခံများနှင့် တောင်သူများအား တွေ့ဆုံမေးမြန်းမှုများ၊ လူငယ်များ၏ သဘောထားအမြင်ဆိုင်ရာ ပိုမိုကျယ်ပြန့်သည့် UNDP အထောက်အထားများကို အသုံးပြု၍ ရေးသားထားသည်။ အထောက်အထားများကို ကာကွယ်ရန်အတွက် အမည်များနှင့် အခြားခွဲခြားသိရှိနိုင်သော အသေးစိတ်အချက်အလက်များကို ပြောင်းလဲအသုံးပြုထားပါသည်။