သက်သေအထောက်အထား အခြေခံသော မူဝါဒနှင့် ဆုံးဖြတ်ချက် ချမှတ်မှုတို့အတွက် အထောက်အကူဖြစ်စေမည့် မြန်မာနိုင်ငံ၏ စာရင်းအင်းအချက်အလက်များဆိုင်ရာ အပလီကေးရှင်းဖြစ်သည့် Myanmar Statistical Data Dashboard အတွက် UNDP မှ ပံ့ပိုးကူညီ

2020- ဇူလိုင်လ 28


အခြားနိုင်ငံများနည်းတူ မြန်မာနိုင်ငံသည်လည်း ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ၏ ရိုက်ခတ်မှုကို ပြင်းထန် စွာခံခဲ့ရပါသည်။ ကပ်ရောဂါ ကာလရှည်ကြာ ဖြစ်ပွားနေခြင်းကြောင့် ကျန်းမာရေး အကျပ် အတည်း တစ်ခုသာမက လူ့ဘောင်အဖွဲ့အစည်းအတွင်းရှိ လူမှုစီးပွားဆိုင်ရာ ကဏ္ဍများ အမျိုးမျိုးကိုပါ ထိခိုက်စေ လျက်ရှိကြောင်း တွေ့ရှိရပါသည်။ ပညာရေး၊ ကျန်းမာရေး ဝန်ဆောင်မှု များကဲ့သို့ အခြေခံ အဆောက် အအုံဆိုင်ရာ ဝန်ဆောင်မှုများ ပျက်ပြားခြင်း၊ မနိုင်မနင်းဖြစ်ခြင်းတို့အပြင် အိမ်ထောင်စုဝင်ငွေ ရုတ်တ ရက်လျှင်မြန်စွာ ကျဆင်းသွားခြင်းနှင့် အသက်မွေးဝမ်းကျောင်းမှုလုပ်ငန်းများ အများအပြား ပျက်ပြား ဆုံးရှုံးခြင်းတို့‌ကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု (GDP) တန်ဖိုးသည် -၂.၅ ရာခိုင်နှုန်း ကျဆင်းသွားဖွယ်ရှိကြောင်း ၂၀၂၀ ခုနှစ် ဇွန်လက ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်ခဲ့သည့် the Myanmar Economic Monitor – Myanmar in the Time of COVID-19 တွင် ခန့်မှန်းထားပါသည်။  

စီးပွားရေးပြန်လည်နာလန်ထူရေး အထောက်အပံ့ပြုရန်အတွက် အစိုးရနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်များ သည် စီးပွားရေးကိုထိခိုက်စေသော အကြောင်းအချက်အလက်များအား အမျိုးအစားအလိုက်ခွဲခြား၍ ဖော်ထုတ် သတ်မှတ်ကာ စောင့်ကြည့်စစ်ဆေးနိုင်ရန် အရေးကြီးလာပါသည်။ သို့မှသာ ပြန်လည်ထူထောင်ရေး လုပ်ငန်း များကို ဦးစားပေးများ သတ်မှတ်၍ ထိရောက်စွာ ခွဲဝေဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။ အစိုးရ အား ကိုဗစ်-၁၉ တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်‌ရေး လုပ်ဆောင်ရာတွင် ကူညီပံ့ပိုးပေးမှု တစ်ခုအဖြစ် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) သည် ယခုအခါ ဗဟိုစာရင်းအင်းအဖွဲ့ (CSO) အား မြန်မာနိုင်ငံ၏ စာရင်းအင်းဆိုင်ရာ အပလီကေးရှင်းတစ်ခု ဖြစ်သည့် Myanmar Statistical Data Dashboard (MMSDD) ရေးဆွဲပြုစုနိုင်ရန် ကူညီပေးလျက်ရှိ ပါသည်။ ယင်းသည် အသုံးပြုသူများ လွယ်ကူ အဆင် ပြေစွာ အသုံးပြုနိုင်အောင် စီစဉ်ထားသည့် အပလီကေးရှင်းတစ်ခု ဖြစ်ပြီး မူဝါဒရေးဆွဲခြင်းနှင့် ဆုံးဖြတ် ချက်ချမှတ်မှုများအတွက် အရေးပါ သည့် အဓိကညွှန်ကိန်းများကို သိမ်းဆည်းပေးထားပြီး နောက်ဆုံးရ အချက်အလက်များကို ပုံမှန် ဖြည့်သွင်းပေးသွားမည်ဖြစ်သည်။ 

မကြာမီ အသုံးပြုနိုင်တော့မည့် data dashboard အတွင်းတွင် ညွှန်ကိန်းများအဖြစ် စားသုံးသူ ဈေးဆ နှုန်းကိန်း၊ အခြေခံစားသောက်ကုန်စည်ဈေးနှုန်းများ၊ နိုင်ငံခြားကုန်သွယ်မှုဆိုင်ရာ အချက်အလက်များ၊ လေကြောင်းလိုင်းဖြင့် ခရီးသည်နှင့် ကုန်ပစ္စည်း ပို့ဆောင်မှုဆိုင်ရာ အချက်အလက်များ၊ နိုင်ငံခြား ငွေလဲ နှုန်းနှင့် အတိုးနှုန်း၊ ရွှေဈေးနှင့် ကိုဗစ်-၁၉ ဆိုင်ရာ စိစစ်လေ့လာချက်များ ပါဝင်ပါသည်။ အချက် အလက် များ၊ အတွေးအကြံများကို အခြေခံသည့် စစ်မှန်သော ပြောင်းလဲမှုများ ပြုလုပ်ရန် လိုအပ်နေပြီ ဖြစ် ကြောင်းကို ဤကမ္ဘာ့ကပ်ရောဂါကြီးက မီးမောင်းထိုးပြနေပါသည်။ UNDP မှ ပံ့ပိုးကူညီသည့် Myanmar Statistical Data Dashboard သည် ကိုဗစ်-၁၉ ကို ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေး အတွက် နောက်ဆုံးရအချက်အလက်များကို တင်ပြပေးသွားမည်ဖြစ်ပါသည်။