အများအကျိုး ကို လှေဦးထိပ်ထား သည့် အင်းလေး မှ ကျေးရွာ

အပြန်အလှန် ယုံကြည်မှု နှင့် ပူးပေါင်းဆောင်ရွက်မှု ပေါ် အခြေခံ ခဲ့သည့် ရပ်ရွာ ၏ ငလျင်ဘေး ကူညီတုန့်ပြန်မှု

2025- ဇူလိုင်လ 28
A group of ten men and women smiling together in front of a building with wooden windows.

ကျေးရွာ ဖွံ့ဖြိုးရေး ကော်မတီ အဖွဲ့ ဝင် တွေဟာ ပျားပင်ကျေးရွာ ရဲ့ ငလျင်ဘေး ကူညီတုန့်ပြန်မှု မှာ အရေးပါတဲ့ အခန်းကဏ္ဍ က ပါဝင်ခဲ့ကြသည်။

ဓာတ်ပုံ: UNDP Myanmar/Myeongshin Lee

ကျွန်တော်တို့ထက် ပိုပြီး ထိခိုက်ခံစားရတဲ့ တခြားရွာတွေကို ကူညီပေးပါ”

UNDP အဖွဲ့ဝင်တွေဟာ ညောင်ရွှေမြို့၊ အင်းလေးကန်အနီးမှာရှိတဲ့ ပျားပင်ရွာကို မတ်လ ငလျင်အပြီး ရက်အနည်းငယ် အကြာမှာ ရောက်ခဲ့တဲ့အချိန် ဒီစကားလုံးတွေနဲ့ နှုတ်ဆက်ကြိုဆိုတာကို ခံခဲ့ရပါတယ်။ ပျားပင်ရွာဟာ ညောင်ရွှေမြို့နယ် အင်းလေးကန်အနီးမှာ တည်ရှိတဲ့ရွာဖြစ်ပါတယ်။ ဒီရွာကသူတွေဟာ ကိုယ်တိုင်ထိခိုက်ခံစားခဲ့ရတာတောင်မှ အကူအညီကို ကိုယ့်အတွက် မတောင်းခံပဲ ပိုထိခိုက်တဲ့ တခြားရပ်ရွာတွေအတွက် စိတ်ပူပြီး အကူညီတောင်းကြတာပါ။ 

သဘာဝဘေးအန္တရာယ်တွေဟာ ထိခိုက်လွယ်တဲ့ ရပ်ရွာလူထုတွေကို ဒုက္ခချောက်နှုတ်ခမ်းဝကို တွန်းပို့နေပါတယ်။

ဒါပေမယ့် ပျားပင်ရွာက လူထုကတော့ ဒါကိုစည်းလုံးညီညွတ်စွာ ရင်ဆိုင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ရပ်ရွာဦးဆောင်မှုမှ ပူးပေါင်းကူညီမှု ဆီသို့

ယခုလို ကူညီလိုတဲ့စိတ်ဓာတ်မျိုးကတော့ စေတနာ့ဝန်ထမ်းအဖြစ် ရပ်ရွာဖွံ့ဖြိုးရေးကို ဦးဆောင်နေတဲ့ ကျေးရွာဖွံ့ဖြိုးရေးကော်မတီ (Community Development Committee - CDC) အဖွဲ့ ဝင်တွေရဲ့ အမြစ်တွယ်နေတဲ့ စိတ်ထားတစ်ခုပါ။ သူတို့ဟာ ENCORE စီမံကိန်းကနေ ပေးအပ်တဲ့ သင်တန်းတွေကို တက်ရောက်ခဲ့ပြီး ဘေးအန္တရာယ်တွေကို ဘယ်လိုပြင်ဆင်မယ်၊ ရာသီဥတု ပြောင်းလဲမှုကို ဘယ်လို တုန့်ပြန်မယ်၊ ရပ်ရွာရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ အစီအမံဘယ်လိုချမယ် အစရှိသည်တို့ကို သင်ယူ လေ့လာခဲ့ကြပါတယ်။ ဒီအတွေ့အကြုံတွေကနေပြီး အရည်အချင်းအသစ်တွေရလာသလို အခက်အခဲ တွေကို တည်တည်ငြိမ်ငြိမ် လျင်လျင်မြန်မြန်ကျော်လွှားနိုင်ဖို့ ယုံကြည်မှုတွေလည်း ရလာပါတယ်။

သူတို့အတွက်တော့ ခံနိုင်ရည်ရှိမှုဆိုတာ အခက်အခဲတွေကို ကျော်လွှားနိုင်ရုံသာမကပဲ တစ်ဦးကို တစ်ဦးအပြန်အလှန် ကူညီဖို့ပါပဲ။

ဒါကြောင့် ငလျင်လည်းလှုပ်လာတဲ့အခါ ဘာလုပ်ရမလဲဆိုတာ သူတို့ သိပါတယ်။

ငလျင်လှုပ်ပြီး မိနစ်ပိုင်းအတွင်းမှာပဲ ကော်မတီဝင်တွေဟာ  တစ်အိမ်ချင်းစီကို သွားရောက် ကြည့်ရှုပြီး နေအိမ်ထိခိုက်မှုနဲ့ လူတွေဘေးကင်းမကင်း စစ်ဆေးခဲ့ကြပါတယ်။ ရွာမှာရှိတဲ့ တစ်ချို့သော အိမ်တွေဟာ ငလျင်ကြောင့် အက်ကွဲမှုများဖြစ်ပြီး ပစ္စည်းဆုံးရှုံးပျက်စီးမှုအချို့ ရှိသော်လည်း  ကြီးမားတဲ့ ထိခိုက်မှုတွေတော့ မဖြစ်ခဲ့ပါဘူး။ 

Two young women looking directly at the camera, smiling in a rural setting with wooden houses and a dirt path in the background.

ဤ ကျေးရွာ ဖွံ့ဖြိုးရေး ကော်မတီ အဖွဲ့ဝင်တွေဟာ ကျေးရွာ ရဲ့ ငလျင်ဘေး စုပေါင်း တုန့်ပြန်မှု ကို အဓိက စီစဉ်ခဲ့ကြသည်။

ဓာတ်ပုံ: UNDP Myanmar/Myeongshin Lee

ကျေးဇူးတင်ခြင်းမှ စနစ်ကျ ပွင့်လင်းမြင်သာသော ကူညီခြင်းသို့

"မနှစ်က ကျွန်တော်တို့ ရေကြီးပြီး ဒုက္ခရောက်ခဲ့ကြတယ်။ အဲဒီအချိန်မှာ တခြားရွာတွေက ကျွန်တော်တို့ကို ကူညီခဲ့ကြတယ်။ အခုတော့ ကျွန်တော်တို့အလှည့်ပါ။ တခြားသူတွေလည်း ကျွန်တော်တို့အတွက် ဒီလိုပဲလုပ်မယ်လို့ ယုံကြည်ပါတယ်" လို့ ကျေးရွာဖွံ့ဖြိုးရေး ကော်မတီ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ပျားပင်ရွာသူ၊ ရွာသားတွေဟာ ပြင်ပအကူညီကို စောင့်မနေပဲ အလှုငွေကောက်ခံမှုတွေကို  ကျေးရွာထဲမှာ ကိုယ်ထူကိုယ်ထ စတင်ခဲ့သလို Facebook စာမျက်နှာပေါ်ကနေတစ်ဆင့်လည်း အလှုငွေ ကောက်ခံမှုတွေကို စတင်ပြုလုပ်ခဲ့ပါတယ်။

လှူဒါန်းမှုတွေကနေ တစ်ဆင့် အင်းလေးဒေသက ရွာ ၃၁ ရွာကို  ဆန်ကီလို ၂၅၀၀ နဲ့ ဆိုလာမီးအိမ် ၁၂၀ အပါအဝင် အခြေခံစားသောက်ကုန်၊ အရေးပေါ်အသုံးအဆောင်နဲ့ ရိက္ခာများကို ကူညီထောက်ပံ့ပေးခဲ့ကြပါတယ်။ 

ပွင့်လင်းမြင်သာမှုကို အလေးထားပြီး ရရှိလာတဲ့ ငွေကြေးပစ္စည်းများနဲ့ ၎င်းတို့ကို ဘယ်လို ပြန်လည် ဖြန့်ဖြူးတယ် ဆိုတာကို ဓာတ်ပုံတွေနဲ့ အသေးစိတ် ပုံမှန်ပို့စ်တွေတင်ပြီး အသိပေးပါတယ်။

"အခုဆိုရင် လူငယ်တွေအပါအဝင် အဖွဲ့ဝင် ၅၄ ဦးနဲ့ ဖွဲ့စည်းထားတဲ့ 'စိတ်ကြိုက်' စုငွေအသင်းလည်း တည်ထောင်နိုင်ခဲ့ပါပြီ။ စုငွေတွေကတော့နောက် ဒီလိုအခြေနေတွေဖြစ်လာခဲ့ရင်လည်း အဆင့်သင့်ဖြစ်နေအောင်၊ ပြီးတော့ ရွာရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်အောင် ဆိုပြီး ရည်ရွယ်တာပါ။ ခုလိုမျိုး ရွာကလူတွေက ကျွန်မတို့ကို ယုံကြည်ပြီး ပူးပေါင်းပါဝင်တာက အဖွဲ့ရဲ့ ထိရောက်တဲ့ လုပ်ဆောင်မှုတွေကို မြင်ခဲ့ကြလို့လည်းဖြစ်ပါတယ်။” လို့ CDC ဘဏ္ဍာရေးမှူး မမျိုးသူဇာထွန်းက ရှင်းပြပါတယ်။

အတိတ်ကို သင်ခန်းစာယူ၍ ယုံကြည်မှုဖြင့် တည်ဆောက်ထားသော ကြိုတင်ပြင်ဆင်မှု

ဒီငလျင်က သူတို့အတွက်တော့ ပထမဆုံး ကြုံတွေ့ရတဲ့ ဘေးအန္တရာယ်တော့ မဟုတ်ပါဘူး။ မနှစ်ကလည်း ပြင်းထန်တဲ့ ရေကြီးမှုဒဏ်ကို ခံစားခဲ့ရပါတယ်။ လွန်ခဲ့တဲ့ နှစ်အတော်ကြာတုန်းကလည်း မီးဘေးကြောင့် ရွာရဲ့ လေးပုံသုံးပုံ ပျက်စီးခဲ့ဖူးတယ်။

ရွာသားအားလုံးကို ၁၅ မိနစ်အတွင်း စုစည်းနိုင်တဲ့ အရည်အချင်းဟာ CDC အဖွဲ့ရဲ့ စနစ်တကျ ဖွဲ့စည်းမှုနဲ့ စွမ်းရည်တွေကြောင့်ဖြစ်ပြီး၊ ENCORE စီမံကိန်းမှတစ်ဆင့် ခေါင်းဆောင်မှု၊ ပွင့်လင်းမြင်သာမှု၊ ဆက်သွယ်ပြောဆိုမှုနဲ့ စုပေါင်းဆုံးဖြတ်ချက်ချမှတ်နိုင်မှု စွမ်းရည်တွေကို မြှင့်တင်နိုင်ခဲ့ပါတယ်။

"အရင်တုန်းကတော့ ကိုယ့်ရဲ့ မိတ်ဆွေတွေ၊ ဆွေမျိုးတွေလောက်ကိုပဲ ကူညီလုပ်နိုင်ခဲ့တယ်။ တစ်နိုင်တစ်ပိုင်က ဒီလောက်ပဲ တတ်နိုင်တာကို။ အခုတော့ ရပ်ရွာအနေနဲ့ ဘာတွေလုပ်ပေးနိုင်မလဲဆိုတာကို စဉ်းစားလာကြတယ်။ ဒါက အကြီးမားဆုံး အပြောင်းအလဲ တစ်ခုပါပဲ။” လို့ ကော်မတီဝင် တစ်ဦးက ဆိုပါတယ်။
Two men chatting outside a wooden house, while a woman looks out from a window.

ကျေးရွာ ဖွံ့ဖြိုးရေး ကော်မတီ အဖွဲ့ဝင် များ ကွင်းဆင်း၍ သတင်းမေးမြန်းစဉ်

ဓာတ်ပုံ: UNDP Myanmar/Myeongshin Lee
A group of women and men chatting and laughing on a dirt street near traditional houses under a blue sky.

ကျေးရွာ ဖွံ့ဖြိုးရေး ကော်မတီ အဖွဲ့ဝင် တွေဟာ ပိုရင်းနှီးပြီး ခိုင်မာတဲ့ ရပ်ရွာတစ်ခု တည်ဆောက်ဖို့ သန္နိဋ္ဌာန်ချ ထားပါတယ်

ဓာတ်ပုံ: UNDP Myanmar/Myeongshin Lee

အတူတကွ၊ ပိုမြန်စွာ၊ ပိုအားကောင်းစနစ်ကျစွာ

"ကျေးရွာဖွံ့ဖြိုးရေး ကော်မတီအဖွဲ့ဝင်ဖြစ်လာတဲ့အခါမှာ ကျွန်တော့်အနေနဲ့ ကျေးရွာအတွက် တာဝန်ယူမှုပိုရှိလာတယ်။ အရင်တုန်းက ဒီလိုဆုံးဖြတ်ချက်တွေ ဘယ်လိုချမှတ်ရမယ်ဆိုတာ မသိခဲ့ဘူး။ အခုတော့ ကျွန်တော်တို့ အများအားနဲ့ လုပ်နိုင်ပြီ" လို့ ကော်မတီ ခေါင်းဆောင် ဦးမြင့်အောင်က ပြောပါတယ်။

ပျားပင်ရွာရဲ့ CDC အဖွဲ့‌‌‌‌‌‌ကို ဘေးအန္တရာယ်တွေကြားမှာ တည်ဆောက်ခဲ့ပြီး၊ ဒီလိုအခက်အခဲများ ကြုံတွေ့လာချိန်မှာ ခံနိုင်ရည်ရှိရှိ တုံ့ပြန်နိုင်စေတဲ့ အခြေခံအုတ်မြစ်ဖြစ်လာသလို၊ ရွာသူရွာသားများရဲ့ ယုံကြည်မှုကလည်း အဖွဲ့ကို ပိုမိုအားကောင်းလာစေခဲ့ပါတယ်။ ရွာမှာ မကြာခဏ ဖြစ်လေ့ရှိတဲ့ ရေကြီးမှုများကို ကာကွယ်ရန်အတွက် UNDP နဲ့အတူ ရေတားနံရံတစ်ခုကိုလည်း တည်ဆောက်မယ့် ရေရှည်စီမံကိန်းတခုကိုလည်း စီစဉ်နေပါတယ်။

"တခြားကျေးရွာက CDC အဖွဲ့ဝင်တွေနဲ့ ကျွန်တော်တို့သိကျွမ်းပြီးသားပါ။ တစ်ခုခုဖြစ်လာခဲ့ရင် သူတို့နဲ့ဆက်သွယ်ပြီး ပူးပေါင်းကူညီကြမယ်။ CDC အဖွဲ့ဝင်ဖြစ်တာကို ဂုဏ်ယူတဲ့အကြောင်းက အရင်ကထက် ပိုမြန်မြန်နဲ့ ပိုများများ ကူညီနိုင်လို့ပါ" လို့ CDC အဖွဲ့ဝင် ကိုအောင်က ပြောပါတယ်။


UNDP မြန်မာရဲ့ "Enabling Community Recovery and Resilience (ENCORE)" စီမံကိန်းကို Korea International Cooperation Agency (KOICA)၊ နော်ဝေအစိုးရနှင့် Swiss Agency for Development and Cooperation (SDC) တို့က ပံ့ပိုးထားပါတယ်။