ပထမဆုံးအကြိမ် အများသဘောဆန္ဒပြု မြို့နယ် နှစ်ပတ်လည်စီမံကိန်းရေးဆွဲမှုကို မွန်ပြည်နယ်တွင် အပြီးသတ်နိုင်ခဲ့ရာမှ ရရှိခဲ့သော မှတ်သားစရာတခု - “လုပ်ငန်းအထမြောက်အောင်မြင်သည်”။

2018- October 4

မြန်မာနိုင်ငံရှိ အနည်းငယ်မျှသော အမျိုးသမီးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအနက်မှ တဦးဖြစ်သော ဘီးလင်း သဲဖြူချောင်းမှ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဒေါ်ချိုချိုမြင့်။ မွန်ပြည်နယ်တွင် စုစုပေါင်း (၉) ဦးရှိသည်။ ဓါတ်ပုံ - UNDP


လွန်ခဲ့သည့်နှစ်က လူထု နှင့် ရွေးကောက်ခံကိုယ်စားလှယ်များအား စနစ်တကျပါဝင်စေခြင်း ပြောရေးဆိုခွင့်ပြုခြင်းကြောင့် ဘီးလင်းမြို့၌ သောက်သုံးရေရရှိမှု ၊ မိလ္လာ ၊ ပညာရေးနှင့် လမ်းများ တိုးတက်ကောင်းမွန်လာရာ ရေရှည်တည်တံ့မည့် ဖွံ့ဖြိုးတိုးတက်မှု ၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီတို့အတွက် မျှော်မှန်းချက်အသစ်များ ယူဆောင်လာခဲ့ပြီဖြစ်သည်။

မွန်ပြည်နယ် ၊ ဘီးလင်း ၊ ၂၀၁၈ အောက်တိုဘာ ယနေ့ ဒီလိုနေရာတွင် ရပ်တည်နေရလိမ့်မည်ဟု လွန်ခဲ့သည့် တနှစ်က သူမ စိတ်ကူးဖြင့်ပင်မှန်းဆဖူးမည်မဟုတ်ချေ။ မြန်မာနိုင်ငံတွင် ၁၆၇၈၉ ဦး အနက် တရာခန့်သာရှိသည့် အနည်းငယ်မျှသော အမျိုးသမီး ကျေးရွာအုပ်စုအုပ်ချုပ်‌ရေးမှူးများ အနက် တဦးဖြစ်သူ ဒေါ်ချိုချိုမြင့်က ဘီးလင်းမြို့နယ် ဒီမိုကရေစီနည်းလမ်းကျ ဒေသန္တရအုပ်ချုပ်ရေး မြို့နယ်စီမံချက် တွင် အသုံးပြုခဲ့သော နည်းလမ်းများအား သူမ၏ ကျေးရွာလူထု လက်တွေ့အသုံးချရာမှ ထွက်ပေါ်ခဲ့သော ရလဒ်နှင့် သင်ခန်းစာများအား ဝေမျှခဲ့သည်။ သူမကိုယ်တိုင်နှင့် သူမ၏မြို့နယ်အတွက် မည်သည့်သဘောသက်ရောက်သည်ကို ဂုဏ်ယူမှု အပြည့်ဖြင့် ပုံဖော်ပြောပြသည် - အထက်တန်းကျောင်း နှင့် ကျန်းမာရေးစင်တာ အသစ်တခုစီ အတွက် သူမက အလွန် “ကျေးဇူးတင်” လျက်ရှိသည်။ “သူမ ကျေးရွာသူကျေးရွာသားတို့၏ လိုအပ်ချက်များကို မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီသို့ တင်ပို့ပေးပြီးဖြစ်ကာ စီမံချက်များကို မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေဖြင့် ငွေကြေးထောက်ပံ့ အကောင်အထည်ဖော်ရန် စိတ်ပါဝင်စားဩဇာသက်ရောက်သူများအားလုံးက သဘောတူညီထား ပြီး” ဖြစ်ခြင်းက သူမအတွက် အရေးပါဆုံးဖြစ်သည်။

အခြားလူထုကိုယ်စားလှယ်များ ၊ လူမှုအဖွဲ့အစည်း ၊ မြို့နယ်တာဝန်ရှိသူများ ၊ အလှူရှင်များ ၊ ပညာရှင်အဖွဲ့တို့နှင့်အတူ ဘီးလင်းမြို့၌ စုရုံးပြီး မြန်မာတနိုင်ငံလုံး၌ ပထမဆုံးအကြိမ်ဖြစ်သော အများသဘောဆန္ဒပြု စီမံကိန်းရေးဆွဲမှုလုပ်ငန်းစဉ် ပြီးမြောက်အောင်မြင်မှုများနှင့် ရရှိခဲ့သော သင်ခန်းစာများအတွက် အောင်ပွဲခံခဲ့ကြသည်။ တာဝန်ရှိသူများအကြား မတူကွဲပြားမှုများ ရှိစေကာမူ ရပ်ရွာလူထုအနေဖြင့် မည်မျှပင်သေးငယ်သောကိစ္စဖြစ်ပါစေ ဝင်ရောက်ပြောဆိုခွင့် ရှိပါက အစိုးရ၏ အများပြည်သူဝန်ဆောင်မှုများ ကောင်းမွန်တိုးတက်လာသည်ကို အသစ်ပြုပြင် တည်ဆောက်ထားသည့် စာသင်ကျောင်းများ ၊ တိုးတက်လာသော မိလ္လာနှင့်သန့်ရှင်းရေးစနစ် ၊ စာသင်ကျောင်း သောက်သုံးရေပေးဝေမှု ၊ ကျန်းမာရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး အဆောက်အအုံ အသစ်များက သက်သေညွှန်းလျက်ရှိသည်ဆိုသည့် အချက်အပေါ်  ၎င်းတို့အားလုံးက သဘောချင်းတိုက်ဆိုင်ကြသည်။ အစိုးရအဖွဲ့၏ အလွှာအဆင့်ဆင့်၌ ဆုံးဖြတ်ချက်များ မည်သို့ချမှတ်သည်ကို အများပြည်သူနားလည်သည့်အခါတွင် အစိုးရနှင့်ပြည်သူအကြား ယုံကြည်မှုတိုးပွားလာခြင်းကလည်း ထပ်တူအရေးပါသည်။
 

အစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံးတို့ ပိုင်းခြားအုပ်ချုပ်သော ကျောက်လုံးကြီးမှ ဝေးလံခေါင်သီသောကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနအသစ်။ ဓါတ်ပုံ - UNDP/ စိုင်းကျော်နိုင်ဝင်း

ဒီမိုကရေစီနည်းလမ်းကျ ဒေသန္တရအုပ်ချုပ်ရေး မြို့နယ်စီမံချက်

ရလဒ်မှာ ဆွစ်ဇာလန် ၊ ဆွီဒင် နှင့် ဗြိတိန်နိုင်ငံအစိုးရများ၏ ငွေကြေးအကူအညီ ပံ့ပိုးမှုဖြင့် ဆောင်ရွက်သော UNDP ၏ မြို့နယ်ဖွံ့ဖြိုးတိုးတက်မှု ဒေသန္တရအုပ်ချုပ်ရေးစီမံချက်ဟု ခေါ်ဝေါ်သည့် ရှေ့ပြေး အစပျိုးလုပ်ဆောင်မှု၏ လုပ်ငန်းခွဲဖြစ်သည်။ အားလုံးတန်းတူရည်တူ ပါဝင်နိုင်သော ၊ တာဝန်ခံမှုရှိသော ၊ ထင်သာမြင်သာရှိသော ပုံစံဖြင့် သက်ဆိုင်ရာမြို့လူထု အတွက် ဝန်ဆောင်မှုကို ထိထိရောက်ရောက် စစ်စစ်စီစီ ပေးနိုင်သော  ပို၍အရေးတယူပြု ဆောင်ရွက်မှုပေးနိုင်သည့် မြို့နယ်အုပ်ချုပ်ရေးအား  တဖက်တလမ်းမှအားဖြည့်ပေးနိုင်မည့် မြို့နယ် နှစ်ပတ်လည်စီမံကိန်းရေးဆွဲခြင်းအတွက် အခြေခံကျသောဒီမိုကရေစီနည်းကျ သရုပ်ပြပုံစံအား နေရာချထားနိုင်ရေးနှင့် စပ်လျဉ်းပြီး မြို့နယ်များအား ကူညီရန် ပြောင်းလဲသုံးစွဲနိုင်သည့်ရန်ပုံငွေများ ပံ့ပိုးပေးခြင်းပါဝင်သည်။

UNDP ၏ ဤစီမံချက်အား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက လက်မှတ်ရေးထိုး ခွင့်ပြုပြီးဖြစ်သည်။ ပါဝင်သူများ၏ တာဝန်ကိုယ်စီအား ခြုံငုံဖော်ပြထားသည့် သဘောတူညီမှုစာချွန်လွှာကိုလည်း UNDP နှင့် စီမံချက်တွင်ပါဝင်သော ပြည်နယ်နှင့် တိုင်းဒေသကြီးတိုင်းက လက်မှတ်ရေးထိုးထားပြီးဖြစ်သည်။ သို့သော် မည်သည့် စီမံချက်အား ဦးစားပေးရမည်ဆိုသည်ကို ဆုံးဖြတ်ရမည်မှာ လူထုကိုယ်စားလှယ်များ ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ၊ လွှတ်တော်အဖွဲ့ဝင်များ နှင့် အရပ်ဘက်လူမှုအစုအဖွဲ့ ကိုယ်စားလှယ်များပင် ဖြစ်သည်။

စီမံကိန်းရေးဆွဲခြင်းလေ့ကျင့်ခန်းတွင် ပါဝင်စေခြင်းအားဖြင့် လူမှုအသင်းအဖွဲ့များ ၊ ပြည်သူ့ဝန်ထမ်းများ နှင့် ဒေသခေါင်းဆောင်များအနေဖြင့် စီမံကိန်းရေးဆွဲမှုပညာကို ရရှိနိုင်မည်ဖြစ်ပြီး ထိုအတတ်ပညာတွင် အများသဘောဆန္ဒပြုစီမံကိန်းရေးဆွဲမှုနည်းလမ်း နှင့် တိုင်ပင်ဆွေးနွေးမှုဖြစ်စဉ်မှသည် အခြေခံစာရင်းအင်း နှင့် အချက်အလက်အသုံးပြုနိုင်မှု စွမ်းရည် ၊ ပွင့်လင်းမြင်သာရှိသည့် ပစ္စည်းဝယ်ယူမှု လုပ်ငန်းစဉ်များ နှင့် နယ်မြေခံလူ့အသိုက်အဝန်း အတွင်း ရေရှည်တည်တံ့မည့် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များ ရောက်ရှိအောင် အားဖြည့်ပေးမည့် စီမံချက်များအကောင်အထည်ဖော်ရေးလုပ်ငန်းဗျူဟာတိုင်အောင် ပါဝင်သည်။
 

ဘီးလင်းမြို့နယ် TDLG ရှေ့ပြေးစီမံချက်၏ လုပ်ငန်းတိုးတက်မှုများ ၊ သင်ခန်းစာများနှင့် ရလဒ်များအား ပြန်လှန်သုံးသပ်သည့် အစည်းအဝေး၌ ဘီးလင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာရဲအား တွေ့မြင်ရစဉ်။ ဓါတ်ပုံ - UNDP

ထောက်ပံ့ကြေးမည်ကာမတ္တမဟုတ် - ဒီမိုကရေစီစနစ်၏ လက်တွေ့သဘောတရားကို လုပ်ဆောင်ခြင်းဖြင့် သင်ယူလေ့လာခြင်း

ဘီးလင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာရဲက တုံ့ဆိုင်းခြင်းအလျဉ်းမရှိဘဲ လုပ်ငန်းစဉ်ကို ရှင်းလင်းပြောပြသည်။ ထောက်ပံ့ကြေးမည်ကာမတ္တမဟုတ် ဒေသအဆင့်တွင် အစိုးရနှင့် လူထု မည်သို့ အတူတကွ လုပ်ဆောင်နိုင်သည်ဆိုသည်နှင့် ထိုသို့လုပ်ဆောင်နိုင်ရန် လိုအပ်သည့် အတတ်ပညာ စွမ်းရည်များ ပျိုးထောင်နိုင်မှုအပေါ် သိမြင်နားလည်စေခြင်းလည်းဖြစ်သည်။ “မြို့နယ်တွင်းက အများပြည်သူနဲ့ ဌာနဆိုင်ရာအသီးသီးက ဒီစီမံချက်ကနေ အတွေ့အကြုံ အများကြီး ရကြပါတယ်။” ဟုရှင်းပြပြီး “ဘီးလင်းမှာ ကျတော်တို့ ကြုံနေရတဲ့ စိန်ခေါ်မှုများစွာကို အတူတကွကျော်လွှားကြရင်းနဲ့ လူအများရဲ့ လိုအပ်ချက်ကို ကျတော်တို့ဖြည့်စွမ်းနိုင်ပါတယ်” ဟု သူက ဖြည့်စွက်ပြောသည်။

ဘီးလင်း၌ စိန်ခေါ်မှုများစွာရှိသည်။ မွန်ပြည်နယ်၏ နှလုံးသည်းပွတ်အရပ်၌တည်ရှိသော မြို့နယ်ဖြစ်သည့် ဘီးလင်းတွင် လွန်စွာခြားနားသည့်ဖွံ့ဖြိုးတိုးတက်ရေးလိုအပ်ချက်များရှိသော မတူညီသည့် ဒေသကြီး နှစ်ခု - တောင်ကုန်းနှင့် လွင်ပြင်များရှိသည်။ ပြည်နယ်လူထုများစွာမှာ ဝေးလံသောအရပ်များ၌ နေထိုင်ကြပြီး မိုးရာသီအတွင်း အခြေခံဝန်ဆောင်မှု ရယူနိုင်ရေးမှာ ရဲစွမ်းသတ္တိ နှင့် ပူးပေါင်းဆောင်ရွက်မှု လိုအပ်သည်။ ထို့ပြင် ကရင်ဘာသာစကားကို အဓိကထား သုံးစွဲပြောဆိုသည့် အရပ်၌ အများပြည်သူဝန်ဆောင်မှု အများစုကို မြန်မာဘာသာဖြင့် ပံ့ပိုးပေးနေခြင်းဖြစ်သည်။

အစိုးရက အရေးပါသောနယ်မြေအား အုပ်ချုပ်နေစဉ်တွင် နိုင်ငံလုံးဆိုင်ရာ တိုက်ခိုက်ပစ်ခတ်မှု ရပ်စဲရေးသဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အနက်မှ တခုဖြစ်သော ကရင်အမျိုးသားအစည်းအရုံး (KNU) က နယ်မြေအချို့ - အထူးသဖြင့် တောင်ပေါ်ဒေသများ၌ - အုပ်ချုပ်နေလျက်ရှိခြင်းကြောင့် အများပြည်သူဝန်ဆောင်မှု ပံ့ပိုးရေးကို ပို၍ ခက်ခဲစေသည်။ တိုက်ခိုက်ပစ်ခတ်မှုရပ်စဲရေးသဘောတူညီချက်အောက်မှ ကြားဖြတ် သဘောတူညီချက်နှင့်အညီ အများပြည်သူဝန်ဆောင်မှုကို ပူးပေါင်းညှိနှိုင်းလုပ်ဆောင်ပေးရန် မြန်မာနိုင်ငံအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ကတိကဝတ်ပြုပြီးဖြစ်သော်လည်း လက်ဆုပ်လက်ကိုင် ဥပမာပြနိုင်သည့် ချိတ်ဆက်လုပ်ဆောင်မှု ယနေ့ထိတိုင် အနည်းငယ်သာ ရှိသေးသည်။ 
 

ရန်ပုံငွေအတွက် သူ၏ကျေးရွာအုပ်စု အရွေးမခံရစေကာမူ အများသဘောဆန္ဒပြုစီမံကိန်းရေးဆွဲမှုသည် စီမံကိန်းရေးဆွဲမှုလုပ်ငန်းစဉ်များနှင့် SDGs ကို ပို၍သိမြင်နားလည်စေသည့် သင်ယူလေ့လာမှု တခုဟု ကျားကွင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုးသိန်းက ရှင်းပြသည်။ ဓါတ်ပုံ- UNDP

ကဏ္ဍစုံ ထောက်ပံ့ကြေး ၊ နယ်ပယ်စုံရလဒ်များ

မြို့နယ်များအကြား လိုအပ်မှုများ ကွဲပြားသည်ကို သိမြင်နားလည်မှုအပေါ် အခြေခံသောကြောင့် ထောက်ပံ့ကြေးမှာ ကဏ္ဍစုံအတွက်ဖြစ်ရာ ကျန်းမာရေး ၊ ပညာရေး ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးမှသည် လမ်းဆောက်လုပ်ရေးတိုင်အောင် မည်သည့်ဌာနဆိုင်ရာမဆို အသုံးပြုနိုင်သည်။ အများသဘောဆန္ဒပြု မြို့နယ်စီမံကိန်းရေးဆွဲရေး လုပ်ငန်းစဉ်က ဖော်ထုတ်သတ်မှတ်လိုက်သည့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစားပေးလုပ်ငန်းများအား အရေးတယူတုံ့ပြန်ဆောင်ရွက်နိုင်အောင် ဤထောက်ပံ့ကြေးကို ပုံစံထုတ်ရေးဆွဲထားခြင်း ဖြစ်သောကြောင့် မြို့နယ်အတွင်း လုပ်ငန်းလည်ပတ်နေသော အဖွဲ့အစည်းများအား အသုံးချ၍ [ဤထောက်ပံ့ကြေးအား] သုံးစွဲနိုင်စေရန် အရေးကြီးသည်။

ဤချဉ်းကပ်မှုနည်းလမ်း အောင်မြင်ရေး၏ အဓိက‌သော့ချက်မှာ အများပြည်သူပါဝင်မှု နှင့် အစိုးရနှင့် အချိတ်အဆက်မိမှု သဘောတရားပေါ် တည်မှီနေသည်။ ထိုသို့ဖြစ်မြောက်စေရန် ကဏ္ဍအလိုက် မြို့နယ်ဌာနဆိုင်ရာများ ၊ လူထုကိုယ်စားလှယ်များ ၊ လွှတ်တော်အဖွဲ့ဝင်များ ၊ မွန်ပြည်နယ်အစိုးရ တာဝန်ရှိသူများ နှင့် လူမှုအသင်းအဖွဲ့ ကိုယ်စားလှယ်များအား အားလုံးတန်းတူပါဝင်နိုင်သော မြို့နယ်စီမံကိန်းရေးဆွဲရေးလုပ်ငန်းစဉ်သို့  စီမံချက်က ခေါ်ဆောင်လျက် စီမံချက်သတ်မှတ်ချက်များချမှတ်ခြင်းနှင့် အများပြည်သူပိုင်ပစ္စည်း ဝယ်ယူမှုလုပ်ငန်းစဉ်များအား စီမံခန့်ခွဲခြင်း ၊ လုပ်ငန်းအကောင်အထည်ဖော်ရာတွင် ကြီးကြပ်မှုက အလုပ်ဖြစ်မဖြစ် စောင့်ကြည့်လေ့လာခြင်းတို့ကို ဆောင်ရွက်ပြီးဖြစ်သည်။
 

အဝန်းကြီးကျေးရွာအလယ်တန်းကျောင်းရှိ စာသင်ကြားမှုအခြေအနေ တိုးတက်ကောင်းမွန်လာ စေရေးအတွက် အမိုးအကာနှင့် ဘေးကင်းလုံခြုံရေး အဆောက်အအုံဆိုင်ရာ အသေးစားထောက်ပံ့ကြေးလိုအပ်သည်ဟု အဝန်းကြီးကျေးရွာ လူထုက ဆုံးဖြတ်ထားသည်။ ဓါတ်ပုံ - UNDP

ဆွေးနွေးတိုင်ပင်မှု လုပ်ငန်းပြီးစီးသည့်နောက် လူမှုအသင်းအဖွဲ့နှင့် လွှတ်တော်အဖွဲ့ဝင်များ၏ ဝင်ရောက်အကြံပြုမှုများနှင့်အတူ ရပ်ကျေးအုပ်ချုပ်ရေးမှူးများက ဦးဆောင်ကာ လူထုက ထောက်ပံ့ကြေး ဒေါ်လာ ၂၀၇၀၀၀ ကို ဆောက်လုပ်ရေးလုပ်ငန်းအမျိုးမျိုးတွင် ရင်းနှီးမြုပ်နှံရန် သဘောတူညီခဲ့ရာ ထိုပမာဏမှာ ဘီးလင်းမြို့နယ်အတွင်း နေထိုင်သူတဦးလျှင် ၁ ဒေါ်လာနှုန်းကျ ခွဲဝေချထားပေးမှုနှင့် ညီမျှသည်။ ဆောက်လုပ်ရေးလုပ်ငန်းများမှာ ကျေးရွာ ၂၆ ခုရှိ ကျောင်းသူကျောင်းသား ၃၈၇၆ ဦးအတွက် မိလ္လာနှင့်သန့်ရှင်းရေး ပံ့ပိုးပေးနိုင်မည့် ဒေသစာသင်ကျောင်း အိမ်သာအသစ်များ ၊ ကလေး ၁၆၀၀ အတွက် စာသင်ကြားမှုအခြေအနေကို တိုးတက်စေသည့် အသစ်ပြုပြင်ပြီးဖြစ်သော မူလတန်းကျောင်း ၁၂ ကျောင်း ၊ စာသင်ကျောင်း ၁၃ ကျောင်းအတွက် သန့်ရှင်းသောသောက်သုံးရေ ပံ့ပိုးမှု ၊ ယခုအခါ ဝေးလံခေါင်ဖျားအရပ်မှ လူထုများအနေဖြင့် ကနဦးကျန်းမာရေးစောင့်ရှောက်မှုဌာနသို့ အရောက်လှမ်းနိုင်စေမည်ဖြစ်သော ရွာချင်းဆက်လမ်းနှင့် ကျေးလက်ကျန်းမာရေးဌာန တို့ဖြစ်သည်။ အကြီးဆုံးစီမံချက်များအနက်မှ နှစ်ခုမှာ KNU ထိန်းချုပ်ရာနယ်မြေများအတွက် ရွေးချယ်ထားခြင်းဖြစ်သည်။

မျှော်လင့်စောင့်စားမှု - ငြိမ်းချမ်းရေးရရှိစေရန် တိုးမြှင့်ဆောင်ရွက်ခြင်း နှင့် စုစည်းခိုင်မာစေခြင်း။


ကျောက်လုံးကြီး ကျန်းမာရေးဌာနအသစ်ဖွင့်လှစ်ပွဲ၌ ဘီးလင်း ကျေးရွာအုပ်စု (၆) ခု၏ တာဝန်ခံ ကေအဲန်ယူအတွင်းရေးမှူး ဦးသားသားအား တွေ့ရစဉ်။ ဓါတ်ပုံ - UNDP


အများသဘောဆန္ဒပြု စီမံကိန်းရေးဆွဲမှု လုပ်ငန်းစဉ်မှ ဦးစားပေးရန်များကို ချမှတ်လိုက်ပြီးနောက် မြို့နယ် စီမံကိန်းရေးဆွဲရေးနှင့်အကောင်အထည်ဖော်ရေး ကော်မတီ (TPIC) အဖြစ် ဖွဲ့စည်းထားသော ဌာနဆိုင်ရာများက ကေအဲန်ယူနှင့်အတူ ပြောဆိုဆွေးနွေးမှုများစွာတွင် မည်သို့ ပါဝင်လာပုံ ၊ စီမံချက်ကို မည်သို့အကောင်အထည်ဖော်သင့်ပြီး ၎င်းတို့၏ နယ်ခံရွာလူထုများအတွက် မည်သည်က အကျိုးကျေးဇူးအရှိဆုံးဖြစ်မည်ကို တညီတညွတ်တည်းသဘောတူညီကြပုံများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာရဲ က ရှင်းလင်းပြောပြသည်။ “ပူးပေါင်းဆောင်ရွက်မှုနဲ့ ဆက်ဆံရေးကောင်းမွန်မှုတို့ကြောင့် လုပ်ငန်းတလျောက် ကြုံတွေ့ရတဲ့ အတားအဆီးတွေကို ကျော်လွှားပြီး ဒီစီမံချက်တွေကို ကျတော်တို့ အောင်အောင်မြင်မြင် အပြီးသတ်နိုင်ခဲ့ပါတယ်။”  

ဥပမာပြရလျှင် အများသဘောဆန္ဒပြုစီမံကိန်းရေးဆွဲမှု လုပ်ငန်းစဉ်၏ အကျိုးရလဒ်အနေဖြင့် TDLG ရန်ပုံငွေများဖြင့် အဆူးချောင်းနှင့်ပေါခီးကို ဆက်သွယ်ထားသော လမ်းအသစ်တစင်းကို ဖောက်လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ မြို့နယ်တာဝန်ရှိကဏ္ဍစုံဌာနများ နှင့် ကေအဲန်ယူအုပ်ချုပ်ရေး အကြား နက်ရှိုင်းသည့်ဆက်သွယ်ရေးကြောင့်သာ နှစ်ဦးနှစ်ဘက်လုံးရှိ လူထုအသိုင်းအဝိုင်း ကိုယ်စီကိုယ်ငှ အကျိုးရှိစေ‌သော ဤအဆောက်အအုံလုပ်ငန်းများအား အောင်မြင်စွာ အပြီးသတ်နိုင်ခြင်းဖြစ်သည်။ ပို့ဆောင်ဆက်သွယ်ရေးအချိန်တဝက် လျော့ချနိုင်သည့်အတွက် မြို့နယ်အတွင်းရှိ ကူးသန်းရောင်းဝယ်မှုတိုးတက်စေမည်ဖြစ်သည်။ “ကေအဲန်ယူထိန်းချုပ်ရာ ကျေးရွာများအတွက် သယံဇာတခွဲဝေချထားပေးဖို့ရာ ဘီလင်းမြို့ ကျန်နေရာများရှိ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေက စီမံကိန်းရေးဆွဲနေကြစဉ်မှာပဲ အပြည့်အဝသဘောတူလိုက်ကြတာက” ပို၍ အဓိပ္ပါယ်ရှိသည် ဟု ဤစီမံချက်နယ်မြေဆိုင်ရာ UNDP အကြီးတန်းကျွမ်းကျင်ပညာရှင် ဒေါ်မွန်မွန်သန်းက ဆိုသည်။ ဤလုပ်ငန်းစဉ်အတွင်း ကရင်လူထု၏ အသံကို နားစိုက်ထောင်ပေးကြပြီး ပါဝင်ခွင့် အမှန်တကယ်ပေးခဲ့ကြသည်ဟု မွန်ပြည်နယ် မြောက်ပိုင်း ကေအဲန်ယူအတွင်းရေးမှူး ဦးသားသားက အတည်ပြုထောက်ခံသည်။
 

UNDP ဌာနေညွှန်ကြားရေးမှူး ပီတာ ဘတ်ချလာ ၊ UNDP ဒေသန္တရအုပ်ချုပ်ရေး ပညာရပ်ဆိုင်ရာအကြံပေး အကြီးအကဲ/အရာရှိချုပ် အန်ကီ ဒဲလ်နာ့စ် ၊ သဲဖြူချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဒေါ်ချိုချိုမြင့် နှင့် ဘီးလင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာရဲ။ ဓါတ်ပုံ - UNDP


ကဝ နှင့် ပဲခူးမြို့နယ်များရှိ အလားတူရှေ့ပြေးစီမံချက်များနှင့်အတူ ဘီးလင်းမြို့နယ်တွင် ယခင်က မကြုံဖူးသေးသော အတွေ့အကြုံမှာ အများသဘောဆန္ဒပြု မြို့နယ်စီမံကိန်းရေးဆွဲမှု ၊ ဘဏ္ဍာရေးပိုင်း၌ ဗဟိုဦးစီးစနစ် လျော့ချခြင်း နှင့် မြန်မာနိုင်ငံရှိ ဒေသဆိုင်ရာ အများပြည်သူဝန်ဆောင်မှုအတွက် လိုအပ်ချက်အခြေပြု ပုံသေနည်းထုတ် ခွဲဝေချထားမှုများအတွက် သရုပ်ပြပုံစံအား စမ်းသပ်လုပ်ဆောင်ကြည့်သည့် ပထမဆုံးသော ရှေ့ပြေးစီမံချက်ဖြစ်သည်။ ပဲခူးတိုင်း ၊ မွန်နှင့်ရခိုင်ပြည်နယ်တွင်းရှိ မြို့နယ်ပေါင်း ၂၀ သို့ ရောက်ရှိနေပြီဖြစ်ကာ မြို့နယ် အစိုးရဌာနဆိုင်ရာ စီမံကိန်းရေးဆွဲရေး နှစ်ပတ်လည် လုပ်ငန်းတွင်လည်း ထည့်သွင်းပေါင်းစပ်ပြီးဖြစ်သည်။ ဤချဉ်းကပ်ပုံကို မြန်မာနိုင်ငံတဝှမ်းသို့ မည်သို့ အတိုင်းအတာပြု ချဲ့ထွင်ရမည်နှင့်စပ်လျဉ်းပြီး UNDP က ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်များ ၊ အစိုးရတို့နှင့်အတူ ကြံဆနေဆဲမှာပင် ဒေါ်ချိုချိုမြင့်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက နယ်မြေခံလူထုများနှင့် ကိုယ်စီကိုယ်ငှ တိုင်ပင်ပြီး နောင်နှစ်ပတ်လည်စီမံကိန်းစက်ဝန်းအတွက် တင်ပြရမည့် ဦးစားပေးရန်ရှိသည်များကို ဆွေးနွေးပြီးကြပြီ ဖြစ်သည်။ “လိုအပ်ချက်တွေကများတော့ စာရင်းအင်းနဲ့ အချက်အလက်အသုံးပြုမှု ပညာ တိုးတက်လာအောင်လုပ်ခဲ့ပြီးပြီဆိုပေမဲ့လည်း ဦးစားပေးသတ်မှတ်ရတာဟာ မလွယ်ကူလှသေးဘူး” စီမံကိန်းဌာန လက်ထောက်ညွှန်ကြားရေးမှူး နှင့် TPIC အတွင်းရေးမှူး ဦးမြင့်ဦး က ပြောသည်။ “ဒါပေမဲ့ ဘီးလင်းပြည်သူတွေရဲ့အသံကို နားထောင်ပြီး ကျတော်တို့နိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို ပံ့ပိုးပေးရာမှာရော ထောက်ပံ့ရေးအတွက် ရွေးချယ်ရာမှာပါ အများသဘောဆန္ဒပြု စီမံကိန်းရေးဆွဲမှုလုပ်ငန်းကနေ အကူအညီရပါတယ်။”