အပြည်ပြည်ဆိုင်ရာ သဘာ၀ဘေးလျော့ပါးရေးနေ့အထိမ်းအမှတ် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ သတင်းစကား

2018- October 13

အောက်တိုဘာလ ၁၃ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပသော အပြည်ပြည်ဆိုင်ရာ သဘာ၀ ဘေး လျော့ပါးရေးနေ့ အထိမ်းအမှတ် အခမ်းအနားတက်ရောက်လာသူများ ဓါတ်ပုံ ရိုက်ကူး နေကြစဉ်။ ဓါတ်ပုံ - ယမုံဖူးသစ်/UNDP


မကြာမီ ကျရောက်သော ယခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာ၀ဘေးလျော့ပါးရေးနေ့က အင်ဒိုနီးရှားနိုင်ငံ၌ အထိခိုက်အပျက်အစီးများသော မြေငလျင်နှင့် ဆူနာမီရိုက်ခတ်ပြီးနောက် ကြံ့ကြံ့ခံနိုင်စွမ်း နှင့် အန္တရာယ်အလားအလာဆိုင်ရာ အသိသတိရှိကြရေး အရေးတကြီးဖြစ်မှုကို ထပ်လောင်း ပြသလိုက်ပြန်သည်။

သဘာဝဘေးအန္တရာယ်များကြောင့် လူသားများ တန်ဖိုးကြီးစွာ ပေးဆပ်ရလေ့ရှိသည်။

ရာသီဥတုဖြစ်စဉ်လွန်ကဲမှုများနှင့် မြေငလျင်များကြောင့် နှစ်စဉ်နှစ်တိုင်း လူသန်းပေါင်းများစွာ နေရပ်စွန့်ခွါရလျက်ရှိရာ အိုးအိမ်နှင့်အလုပ်အကိုင်များ ဆုံးရှုံးကြရသည်။

သို့သော် ဘေးအန္တရာယ်ဖြစ်နိုင်ခြေ လျော့ချရေးဆိုင်ရာ ကုလသမဂ္ဂရုံးက ရေးသားပြင်ဆင်သည့် အစီရင်ခံစာအသစ် တစောင်အရ နိုင်ငံတချို့တဝက်က ဘေးအန္တရာယ်ဖြစ်ရပ်ကြီးများကြောင့် စီးပွါးဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ စနစ်တကျသတင်းပို့ကြသည် မဟုတ်ချေ။

အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စီးပွားရေးဆုံးရှုံးမှုများအား ဘက်စုံထောင့်စေ့သော စာရင်းအင်းတွက်ချက် ပြုစုခြင်းအပါအဝင် ဘေးအန္တရာယ်ဆိုင်ရာ အချက်အလက်ကောက်ယူမှု တိုးတက်ကောင်းမွန် စေရန် လုပ်ဆောင်ကြရန် လိုအပ်ချက်ကို ယခုနှစ် အပြည်ပြည်ဆိုင်ရာအထိမ်းအမှတ်နေ့က အထင်အရှား ဖြစ်စေသည်။

ကပ်ဘေးဆိုက်မှု ကာကွယ်တားဆီးရေးဆိုင်ရာ အခြေအနေတိုးတက်မှုအတွက် အရေးပါသည်။

ဥပမာဆိုရလျှင် ရာသီဥတုဖြစ်စဉ်လွန်ကဲမှု များကြောင့် စီးပွားဆုံးရှုံးမှုများအား ကောင်းစွာ သိမြင်နားလည်လာမှုက ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုကြီးများ နှင့် ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်မှု လျော့ကျစေရေး တဆင့်တိုးလာသည့် မျှော်မှန်းချက် ပေါ်ပေါက်လာစေရန် အကူအညီဖြစ်စေနိုင်သည်။

စီးပွားဆုံးရှုံးမှုများအား တိုင်းတာခြင်းဖြင့် ၂၀၃၀ ပြည့်နှစ်မတိုင်မီ ဘေးအန္တရာယ်ကြောင့် ဆုံးရှုံးမှုများအား သိသာထင်ရှားစွာ လျော့ချနိုင်ရေး အားထုတ်ကြိုးကုတ်နေသည့် ဘေးအန္တရာယ် လျော့ချရေး ဆန်ဒိုင်းမူဘောင် ရည်မှန်းချက်များ ရရှိအောင် တိုးမြှင့် ဆောင်ရွက်ကြရန် အစိုးရများကိုလည်း စေ့ဆော်ပေးနိုင်သည်။

ဘေးအန္တရာယ်ကြောင့် စီးပွားဆုံးရှုံးမှုများအား လျော့ချခြင်း၌ ဘဝများအား ပြောင်းလဲနိုင်စေ သကဲ့သို့ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးအတွက် တတပ်တအား အထောက်အကူဖြစ်စေနိုင်မည့် စွမ်းအင်ရှိသည်။

အပြည်ပြည်ဆိုင်ရာ သဘာ၀ဘေးလျော့ပါးရေးနေ့ကို ဆင်နွှဲရင်းဖြင့် မရှိမဖြစ်အရေးပါသော ကြိုးပမ်းအားထုတ်မှုပြုရေး ကျွန်ုပ်တို့၏ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုကြပါစို့။