UNDP မှ ရှမ်းပြည်နယ်ရှိ တောင်သူလယ်သမားများအား ကူညီပံ့ပိုးပေးနေသည့် ရှေ့ပြေးစီမံကိန်းသုံးခု

2023- August 23
A man looks through a rice paddy field in Shan State

မိမိကိုယ်တိုင်စိုက်ပျိုးထားသည့် ဘာစမာတီစပါးမျိုးစိုက်ခင်းအား ကြည့်ရှုစစ်ဆေးနေသော ဦးဝင်းမြင့်အား တွေ့ရစဉ်။

UNDP/Su Sandi Htein Win

စိုက်ပျိုးရေးလုပ်ငန်းသည် ရှမ်းပြည်နယ်တစ်ဝှမ်းရှိ ထောင်နှင့်ချီသော ပြည်သူများအား  အလုပ်အကိုင်များ ပံ့ပိုးပေးလျက်ရှိပြီး မြန်မာနိုင်ငံတစ်ဝှမ်းရှိ ပြည်သူများအတွက် စားနပ်ရိက္ခာများ ထုတ်လုပ်ပေးသည့်အပြင် ပို့ကုန်ဝင်ငွေလည်း အများအပြားရရှိစေပါသည်။

ဒေသစီးပွားရေးအတွက် အရေးပါသော်လည်း ရှမ်းပြည်နယ်ရှိ တောင်သူလယ်သမားများသည်  ရာသီဥတုနှင့် လျောက်ပတ်သင့်တော်သော သီးနှံရွေးချယ်ရာတွင် ခေတ်မီစိုက်ပျိုးရေးနည်းပညာ ဗဟုသုတနည်းပါးခြင်း နှင့် ဓာတုဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ အလွန်အကျွံသုံးစွဲခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းလာရသည့်အပြင် မိရိုးဖလာစိုက်ပျိုးရေးနည်းလမ်းများကိုသာ အဓိကအားကိုးနေရခြင်းကြောင့် သီးနှံအထွက်တိုးနှုန်းမှာ မြင့်မားသင့်သလောက်မမြင့်မားနိုင်ဘဲ ဖြစ်နေသည်။  

မြန်မာနိုင်ငံ၏ စီးပွားရေးမတည်ငြိမ်မှုများသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဖြစ်ပေါ်ခဲ့သော အာဏာသိမ်းမှုနောက်ပိုင်းမှစပြီး ပိုမိုဆိုးရွားလာကာ တောင်သူများသည် ခက်ခဲကြပ်တည်းမှုများကို တွေ့ကြုံခဲ့ရသည်။ မျိုးစေ့နှင့် ဓာတ်မြေသြဇာဈေးများ မြင့်တက်လာပြီး စျေးကွက်နှင့် ထောက်ပံ့ရေးကွင်းဆက်များ ပြတ်တောက်ကာ ချေးငွေရရှိနိုင်မှုမှာလည်း အကန့်အသတ်ရှိမှုကြောင့် သီးနှံမျိုးစေ့များကြဲချခြင်းနှင့် ရိတ်သိမ်းရောင်းချခြင်းကြားတွင် အရေးကြီးသော စိုက်ပျိုးရေးပစ္စည်းများအတွက် ဝယ်ယူပေးဆောင်နိုင်ခြင်းမရှိဖြစ်ခဲ့ရသည်။

UNDP သည် ရှမ်းပြည်နယ်ရှိ တောင်သူလယ်သမားများ၏ မြေယာများမှသီးနှံအထွက်နှုန်းကို မြှင့်တင်ရန်၊ ရာသီဥတုပြောင်းလဲမှုဒဏ်ခံနိုင်သော စိုက်ပျိုးရေးနည်းပညာဆိုင်ရာ ဖြေရှင်းချက်များကို ကျယ်ပြန့်စွာ ပံ့ပိုးပေးလျက်ရှိသည်။ ထိုကဲ့သို့အောင်မြင်မှုရရှိစေရန်အတွက် လယ်သမားများနှင့်အတူ အကြံဥာဏ်သစ်များ၊ နည်းပညာသစ်များအား စမ်းသပ်လုပ်ဆောင်ပါသည်။ အောက်ဖော်ပြပါစီမံကိန်းများသည် UNDP ၏ နောက်ဆုံးစမ်းသပ်လုပ်ဆောင်ထားသော ရှေ့ပြေးစီမံကိန်း သုံးခု ဖြစ်သည်။

A solar-powered water pump in Myanmar's Shan State

မြန်မာနိုင်ငံ ရှမ်းပြည်နယ်ရှိ နေရောင်ခြည်စွမ်းအင်သုံး ရေစုပ်စက်။

UNDP/Su Sandi Htein Win

နေရောင်ခြည်စွမ်းအင်သုံး ရေစုပ်စက်များဖြင့် တောင်ယာမြေများအား ရေသွင်းခြင်း

မြန်မာနိုင်ငံ၏ နှစ်စဉ်မုတ်သုန်ရာသီတွင် ရွာသွန်းသောမိုးရေသည် တောင်သူများအတွက် မြေပဲနှင့် ဂျင်းတို့ကိုစိုက်ပျိုးရန်အတွက်သာ လုံလောက်ပါသည်။ သို့သော် စပါး၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီးနှင့် ငရုတ်သီးကဲ့သို့သော အခြားသီးနှံများသည် ထပ်တိုးရေလောင်းရန် လိုအပ်ပါသည်။

ရှမ်းပြည်နယ်တောင်ပိုင်းရှိကျေးရွာတစ်ရွာမှ ဒေသခံလယ်သမားများသည် ကျေးရွာ၏သဘာဝအလျှောက်စီးဆင်းနေသော ချောင်းမှရေကို ထုတ်ယူသုံးစွဲရန်အတွက် ဒီဇယ်ဆီသုံး ရေစုပ်စက်များကိုသာ အားကိုးနေကြရသည်။ ဒီဇယ်ဆီစျေးနှုန်းများ အဆမတန် မြင့်တက်လာသောအခါ စိုက်ပျိုးရေးအတွက် အကုန်အကျအလွန်များပြားပြီး အခက်အခဲများဖြစ်ပေါ်လာရသည်။

“ဒီဇယ်ဆီဝယ်ဖို့ငွေကြေးတွေကို အသုံးပြုလိုက်တော့ တခြားဘက်မှာ မြေဩဇာအတွက် ကုန်ကျစရိတ်ကို အများကြီး လျော့သုံးခဲ့ရပါတယ်။ ရလဒ်အနေနဲ့ကတော့ ကျွန်တော့်ခြံရဲ့ ဟင်းသီးဟင်းရွက် အထွက်နှုန်းတွေ ထိုးကျခဲ့ပြီး ဒုက္ခရောက်ခဲ့ရတယ်။ အဲဒါအပြင် သီးနှံနဲ့စပါး စိုက်ပျိုးတဲ့ရာသီရောက်ပြီဆိုရင် တစ်ရွာလုံးကတောင်သူတွေဟာ ချောင်းကနေ ဒီဇယ်ဆီသုံးရေစုပ်စက်တွေနဲ့ ရေတွေကို စုပ်တင်အသုံးပြုရတာကြောင့် အသံတွေဟာအရမ်းကိုပဲ ဆူညံနေပြီး လေထုညစ်ညမ်းမှုတွေလည်း ကြုံတွေ့ခဲ့ရပါတယ်။” ဟု တောင်သူတစ်ဦးဖြစ်သူ ဦးဘုန်းမှ ပြောပြပေးခဲ့သည်။

U Bhone stands in front of the solar-powered water pump in his village in Shan State

ဦးဘုန်းအား သူ၏ရွာအတွင်းရှိ နေရောင်ခြည်စွမ်းအင်သုံး ရေစုပ်စက်အတွက် တပ်ဆင်ထားသော ဆိုလာပြားများနှင့်အတူ တွေ့ရစဉ်။

UNDP/Su Sandi Htein Win

အဆိုပါပြဿနာများကို ဖြေရှင်းရန်နှင့် ရေရှည်တည်တံ့သော နည်းလမ်းဖြင့် စိုက်ပျိုးရေးလုပ်ကိုင်နိုင်စေရန် UNDP မှ နေရောင်ခြည်စွမ်းအင်သုံး ရေစုပ်စက်များဖြင့် တောင်ယာမြေများအား ရေသွင်းသည့်နည်းလမ်းကို တောင်သူများအား စတင်ယူဆောင်မိတ်ဆက်ပေးခဲ့သည်။ ဤနည်းဖြင့် တောင်သူများ၏ စိုက်ပျိုးရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးရုံသာမကဘဲ လောင်စာဆီကုန်ကျစရိတ်ကြောင့် စိုးရိမ်ပူပန်ရမှုများကိုလည်း လျော့ပါးစေပါသည်။

"နေရောင်ခြည်စွမ်းအင်သုံး ရေစုပ်စက်နဲ့ ဆိုလာတွေကို ရေရှည်မှာ ပြုပြင်ထိန်းသိမ်းဖို့အတွက် ဝိုင်းဝန်းအသုံးပြုကြတဲ့ လယ်သမားအုပ်စုက ငွေနဲနဲစီ ထည့်ဝင်ပေးထားပြီး ထိုငွေကို အတူစုထားကြပါတယ်" ဟု ဦးဘုန်းက ထပ်မံဖြည့်သွင်း ပြောကြားခဲ့သည်။

"အခုရှေ့ပြေးစီမံကိန်းရဲ့ အောင်မြင်မှုကြောင့် ကျေးရွာမှာရှိတဲ့ အခြားအိမ်ထောင်စုတွေကလည်း စိတ်ဝင်စားလာကြလို့ အခုဆိုရင် သူတို့ရဲ့ကိုယ်ပိုင် နေရောင်ခြည်စွမ်းအင်သုံး ရေစုပ်စက်တွေကို တပ်ဆင်ဖို့ စဉ်းစားလာကြပါတယ်။"

A fertigation system in Myanmar's Shan State

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်ရှိ လယ်ယာမြေတစ်ခုတွင် မြေဩဇာအစက်ချ စိုက်ပျိုးရေးနည်းအား သွယ်တန်းတပ်ဆင်ထားသည်ကို တွေ့ရစဉ်။

UNDP/Su Sandi Htein Win

မြေဩဇာအစက်ချနည်းဖြင့် စိုက်ပျိုးခြင်း

မြေဩဇာအစက်ချနည်းဖြင့် စိုက်ပျိုးခြင်းဆိုသည်မှာ လယ်ယာမြေ၏ရေထုတ်လွှတ်ခြင်းစနစ်တွင် မြေဩဇာကို  ပျော်ဝင်စေပြီး အပင်များ၏ အမြစ်များဆီသို့ အစက်ချနည်းဖြင့် တိုက်ရိုက်ပေးပို့သည့် စိုက်ပျိုးရေးနည်းလမ်းတစ်ခု ဖြစ်သည်။ ဤနည်းလမ်းသည် အစပိုင်းတွင် သင်တန်းပို့ချခြင်းနှင့် အနီးကပ်စီမံခန့်ခွဲခြင်းများ လိုအပ်သော်လည်း စိုက်ပျိုးပင်များ၏ အာဟာရစုပ်ယူစားသုံးမှုကို တိုးတက်စေပြီး အချိန်ကုန်သက်သာစေကာ သီးနှံအထွက်နှုန်းကိုလည်း တိုးတက်စေသည်။

ရှေ့ပြေးစီမံကိန်း၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် UNDP မှ ရှမ်းပြည်နယ်တောင်ပိုင်းရှိကျေးရွာများတွင် ရေသွယ်ပိုက်များ၊ ရေလှောင်ကန်များနှင့် နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုများကို ဆောင်ရွက်ပေးခဲ့သည်။

မြေဩဇာအစက်ချနည်းဖြင့် စိုက်ပျိုးထားသည့် ယာမြေများတွင် အသုံးပြုရသော မြေဩဇာပမာဏကို ယခင် ၂၅ ကီလိုဂရမ်မှ ယခု
၁.၅ ကီလိုဂရမ်အထိသို့ လျော့ချနိုင်ခဲ့သည်။ မြေဩဇာကုန်ကျစရိတ်များမှာ ၁၅ မှ ၄၀ ရာခိုင်နှုန်းအထိ တဟုန်ထိုး မြင့်တက်လာသည့်အချိန်တွင် ဤသို့လျော့ချနိုင်မှုသည် သိသာထင်ရှားသော ပြောင်းလဲမှုတစ်ခုပင် ဖြစ်သည်။

"အရင်က ကျွန်တော့်ခရမ်းချဉ်ခြံက အထွက်နှုန်းအရမ်းနည်းပြီး မြေဩဇာကုန်ကျစရိတ်ကျတော့လည်း အရမ်းများပါတယ်။ ကျွန်တော်တို့လင်မယားနှစ်ယောက် ဒီခြံအလုပ်ကို ပင်ပင်ပန်းပန်းနဲ့ နားချိန်တောင်မရှိဘဲ အလုပ်လုပ်ခဲ့ရတဲ့အပြင် အကူအလုပ်သမားပါ ငှားရမ်းရလို့ အလုပ်သမားစရိတ်ကလည်း အတော့်ကိုထောင်းခဲ့ပါတယ်။ အဲဒီလိုအလုပ်လုပ်ခဲ့ရတာတောင် ထွက်လာတဲ့ခရမ်းချဉ်သီးတွေကို ဈေးမှာရောင်းပြီးတဲ့အခါမှာ  အမြတ်ငွေမရခဲ့တဲ့အပြင် အရင်းကြေဖို့တောင်မနည်း ရုန်းကန်ခဲ့ရပါတယ်။ မိသားစုအတွက်လည်း ငွေကြေး မစုဆောင်းနိုင်ခဲ့ပါဘူး။" ဟု တောင်သူ ဦးကျော်ဦးက ပြောကြားခဲ့သည်။ 

Farms pick tomatoes in Myanmar's Shan State

ဦးကျော်ဦးတို့ ဇနီးမောင်နှံနှစ်ဦး ခြံထဲရှိ ခရမ်းချဉ်သီးများအား အတူတကွ ခူးဆွတ်နေသည်ကို တွေ့ရစဉ်။

UNDP/Su Sandi Htein Win

ဦးကျော်ဦးသည် ယခုအခါ မြေဩဇာအစက်ချစိုက်ပျိုးနည်းဖြင့် ယခင်က သုံးစွဲခဲ့သည့် မြေဩဇာပမာဏ၏ ၁၀ ရာခိုင်နှုန်းကိုသာ သုံးစွဲနေပြီး၊ သီးနှံအထွက်နှုန်းမှာ ၅ ဆအထိတိုးတက်လာကာ အလုပ်သမားငှားရမ်းစရိတ်မှာလည်း သုံးစွဲရန်မလိုတော့လောက်သည်အထိ ဖြစ်ခဲ့သည်။ ဤသီးနှံအထွက်တိုးမှုနှင့် ကုန်ကျစရိတ်လျော့ချနိုင်မှုများကြောင့် မိသားစုဝင်ငွေမှာ ၄၀ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့သည်။  

ယခုအခါ ဦးကျော်ဦးသည် မြေဩဇာအစက်ချစိုက်ပျိုးနည်းဖြင့် အခြားသီးနှံများဖြစ်သော ပဲတောင့်ရှည်၊ မြေပဲနှင့် သခွါးသီးများကိုပါ တိုးချဲ့စိုက်ပျိုးနေပြီဖြစ်သည်။

မြေဩဇာအစက်ချစိုက်ပျိုးနည်းသည် ကနဦးရင်းနှီးမြှုပ်နှံမှုအချို့ လိုအပ်သော်လည်း သီးနှံအထွက်နှုန်းကို ငါးဆအထိ တိုးမြင့်ပေးနိုင်မှုကြောင့် ခြောက်လအတွင်း အရင်းကျေပြီး ဝင်ငွေအမြတ်များ ရရှိနိုင်မည်ဖြစ်ကြောင်း ဦးကျော်ဦးက ထပ်မံပြောပြခဲ့သည်။ 

Farmers on a demonstration plot established by UNDP Myanmar

ဦးဝင်းမြင့်တို့ဇနီးမောင်နှံက ‌ဆန်စပါးစိုက်ခင်းအား အတူတကွ စစ်ဆေးနေသည်ကို တွေ့ရစဉ်။

UNDP/Su Sandi Htein Win

အထွက်နှုန်း ပိုမိုကောင်းမွန်သော စပါးမျိုးစေ့အသစ်များ ဖြန့်ဖြူးပေးခြင်း

ရှမ်းပြည်နယ်ရှိ တောင်သူလယ်သမားများသည် ဆန်စပါးစိုက်ပျိုးရာတွင် ၎င်းတို့ ဝယ်ယူစိုက်ပျိုးနိုင်သည့် မျိုးစေ့များအတွက် ရွေးချယ်ခွင့်မှာ အကန့်အသတ်ဖြင့်သာ ရှိနေသည်။ တောင်သူလယ်သမားများမှာ နိုင်ငံရပ်ခြားမှ တင်သွင်းလာသည့်မျိုးစေ့များကိုသာ မှီခိုအားထားနေခဲ့ရပြီး ထိုမျိုးစေ့များမှာ အများအားဖြင့် စိုက်ပျိုးရာသီတစ်ခုအတွက်သာ အသုံးပြုနိုင်၍ နောင်လာမည့် စိုက်ပျိုးရာသီများအတွက် မျိုးစပါးအနေဖြင့် ပြန်လည်အသုံးပြုရန် မသိမ်းဆည်းနိုင်ပေ။

လယ်သမားများအား အထွက်နှုန်းခိုင်မာသည့် စပါးမျိုးစိတ်အသစ်များ ပိုမိုစိုက်ပျိုးနိုင်စေရန် UNDP မှ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ကျေးရွာတစ်ရွာတွင် စံပြလယ်ယာမြေတစ်ကွက်ကို စတင်ကာ သရုပ်ပြစိုက်ပျိုးခဲ့သည်။ ဤနေရာတွင် လယ်သမားများအား စိုက်ပျိုးရေးတွင် ဓာတုဗေဒသုံးပစ္စည်းများ လျှော့ချရန်၊ ၎င်းတို့အစား အော်ဂဲနစ်ပစ္စည်းများဖြင့် အစားထိုးရန်၊ သီးနှံဖျက်ပိုးမွှားများကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းရန်ကဲ့သို့သော ရေရှည်တည်တံ့သည့် အလေ့အကျင့်များကို သင်ကြားပြသပေးခဲ့သည်။

ထိုကဲ့သို့သင်ကြားပြသမှုများတွင် တောင်သူများအား မတူညီသောစပါးမျိုးစိတ်များကို စမ်းသပ်စိုက်ပျိုးစေခဲ့ရာ လယ်သမားဦးဝင်းမြင့်သည် ဘာစမာတီစပါးမျိုးမှာ သူ၏လယ်ယာအတွက် စိုက်ပျိုးရန်အကောင်းဆုံးနှင့် အသင့်တော်ဆုံး ဆန်စပါးမျိုးစိတ်ဖြစ်ကြောင်း တွေ့ရှိသဘောပေါက်ခဲ့သည်။ ဘာစမာတီစပါးမျိုးသည် အရည်အသွေးကောင်းစပါးမျိုးဖြစ်ပြီး ဈေးကွက်အတွင်း လူကြိုက်များသည့်အပြင် ဝယ်လိုအားကောင်းလှသည့် စပါးမျိုးလည်း ဖြစ်သည်။

"နိုင်ငံခြားကတင်သွင်းလာလို့ ဈေးကြီးပေးဝယ်ရတဲ့အပြင် မျိုးစပါးပြန်လုပ်ယူလို့မရ၊ သိမ်းထားလို့မရတဲ့ အခြားစပါးမျိုးတစ်ခုနဲ့ လုံးဝမတူဘဲ အခုဘာစမာတီစပါးကတော့ နှစ်တွေကြာကြာ မျိုးစပါးအနေနဲ့ စုထား၊ သိမ်းထားနိုင်ပြီး ‌ရေရှည်အကျိုးရှိစေပါတယ်။" ဟု ဦးဝင်းမြင့်က ပြောကြားခဲ့သည်။ သူ့အနေဖြင့် ပိုလျှံသည့်မျိုးစပါးများကိုပင် ယာနီးချင်းလယ်သမားများ စိုက်ပျိုးနိုင်ရန်အတွက် မျှဝေပေးခဲ့ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

UNDP သည် ၎င်းကျေးရွာတွင် စိုက်ပျိုးရေးအတွက် ရေအလုံအလောက်ရရှိနိုင်ရန် ရွာ၏တူးမြောင်းကိုလည်း ပြုပြင်မွမ်းမံပေးထားသည်။  ယခင်ကအခုတူးမြောင်းအနီးတစ်ဝိုက်ရှိ ခြောက်သွေ့မြေများသည် ယခုအခါ ရေအလွယ်တကူရရှိသော စိုက်ပျိုးရေးလုပ်ကိုင်နိုင်သည့် လယ်မြေ၊ ယာမြေများအဖြစ် ပြောင်းလဲလာခဲ့ပြီး အဆိုပါတူးမြောင်းမွန်းမံမှုမှလည်း ဒေသခံ ၈၀ ခန့်အတွက် ယာယီအလုပ်အကိုင်နှင့် ဝင်ငွေများ ထောက်ပံ့ပေးနိုင်ခဲ့သည်။ ရေပိုမိုရရှိသဖြင့် တောင်သူလယ်သမားများသည် ယခုအခါ ဆန်စပါးကို ယခင်စိုက်ပျိုးရာသီထက်စော၍ စိုက်ပျိုးနိုင်ပြီဖြစ်သည်။

ဤလုပ်ဆောင်မှုများသည် UNDP ၏ 'လူမှုအသိုင်းအဝန်းများအား ပြန်လည်ထူထောင်ခြင်းနှင့် ကြံ့ကြံ့ခံနိုင်စွမ်းကို မြင့်တင်ပေးသည့် စီမံကိန်း' ENCORE မှ ဆောင်ရွက်လျှက်ရှိသော ကူညီပံ့ပိုးမှုများဖြစ်သည်။ ရှေ့ပြေးစီမံကိန်းများသည် ရှမ်းပြည်နယ်ရှိတောင်သူလယ်သမားများအတွက် နည်းပညာပိုင်းဆိုင်ရာ အတုယူ‌နိုင်စေရန်နှင့် ခေတ်မီစိုက်ပျိုးရေးနည်းသစ်များကို လေ့လာနိုင်ရန် ဦးဆောင်သရုပ်ပြထားခြင်းဖြစ်ပြီး ရေရှည်တွင် UNDP မှ နည်းပညာပိုင်းဆိုင်ရာတွင် ဆက်လက်ပံ့ပိုးမှုပေးနေမည်ဖြစ်သည်။