ရန်ကုန်မြို့ရှိ ဆင်းရဲနွမ်းပါးသူ လူဦးရေအများဆုံးနေထိုင်သည့် ဧရိယာများ၏ လူဦးရေ လေးပုံတစ်ပုံသည် လစာဝင်ငွေမရှိဘဲ နေထိုင်လျှက်ရှိကြောင်း တွေ့ရှိရပါသည်

2023- February 16
A woman walks along a train track in Yangon, Myanmar

UNDP မှမကြာသေးမီက ထုတ်ပြန်ခဲ့သော အစီရင်ခံစာနှင့် စစ်တမ်းကောက်ယူမှုများအရ ဤဆင်းရဲနွမ်းပါးသူ လူဦးရေအများဆုံးနေထိုင်သည့် ဧရိယာများ (မြို့နယ် ၈ မြို့နယ်)၏ လူဦးရေ လေးပုံတစ်ပုံ (၂၄.၁ ရာခိုင်နှုန်း) သည် လွန်ခဲ့သော (၁၂) လအတွင်းတွင် ဝင်ငွေမရှိဘဲနေရသည့် အခြေအနေကို မကြာခဏ ကြုံတွေ့နေရပါသည်။ 

ထိုကဲ့သို့သော အခြေအနေများသည် ၎င်း (၈) မြို့နယ်ရှိ အိမ်ထောင်စုများ၏ ကျန်းမာရေးနှင့် ရေရှည်လူမှုစီးပွါး အခြေအနေများကို ခြိမ်းခြောက်နေပါသည်။ ဥပမာအားဖြင့်ဆိုရသော် အိမ်ထောင်စုဝင်များသည် အစားလျော့စားခြင်း၊ အာဟာရပြည့်ဝသော အစားအစာများ လျော့၍စားသုံးခြင်း ၎င်းတို့ပိုင်ဆိုင်သည့် ရုပ်ဝတ္ထုပစ္စည်းများ (စက်တပ်ယာဉ်များ စသည်ဖြင့်) ကို ခွဲခြမ်းရောင်းချခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများအား ခံယူကုသမှုမရှိခြင်း စသည့် လတ်တလော ရင်ဆိုင်ဖြေရှင်းသည့် နည်းလမ်းများဖြင့် ဝင်ငွေလျော့နည်းမှုကို ဖြေရှင်းနေရပါသည်။ 

 ဤလေ့လာတွေ့ရှိမှုများသည် လူပေါင်း (၃၀၀၀) ကျော် ( သုံးပုံနှစ်ပုံမှာ မြို့နယ်(၈) မြို့နယ်မှ) ၏ စစ်တမ်းကောက်ယူဖြေဆိုမှုများမှ ကောက်နှုတ်ထားခြင်းဖြစ်သည်။ UNDP, UN Women နှင့် UN-Habitat တို့ပူးပေါင်း၍ မြို့နယ် (၈) မြို့နယ်ရှိ မြို့ပြပြည်သူများ၏ လူမှုစီးပွါးဘဝ ဖွံဖြိုးတိုးတက်ရေးခြင်းနှင့် ကြံ့ကြံခံနိုင်စွမ်းတည်ဆောက်ရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်သည်။ အစီရင်ခံစာနှင့် စစ်တမ်းကောက်ယူမှုများအရ ၎င်းမြို့နယ် (၈) မြို့နယ်ရှိ နေထိုင်သူများသည် အခြားမြို့နယ်ရှိ နေထိုင်သူများနှင့် ယှဉ်သော် စီးပွါးရေးနှင့် လူမှုရေးဆိုင်ရာညွှန်းကိန်းများအားလုံး၌ အခြေအနေ ပိုမိုနိမ့်ကျနေသည်ကို တွေ့ရှိရပါသည်။ 

၂၀၂၁ မှစတင်သည့် စီးပွါးရေးကျဆင်းလာမှုနှင့် ၂၀၂၂တွင် သိသိသာသာ မြင့်တက်လာသော ဆင်းရဲနွမ်းပါးမှု၏ နောက်ဆက်တွဲအကျိုးဆက်များကို ရန်ကုန်မြို့ရှိဧရိယာများတွင် တွေ့ကြုံခံစားနေရပါသည်။နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ နိုင်ငံအတွင်းမှ ထွက်ခွါသွားကြသည့်အပြင် ကုန်ထုတ်လုပ်နေသည့် စက်ရုံများပိတ်သိမ်းသွားခြင်းနှင့်အတူ အလုပ်လက်မဲ့နှုန်းများ မြင့်တက်လာပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရှားပါးလာခဲ့သည်။ လောင်စာဆီဈေးနှုန်းများနှင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်သွားမှုကလည်း အိမ်ထောင်စုများ၏ လူမှုစီးပွါးအခြေအနေကို ပိုမိုဆိုးရွားစေသည်။ 

ဝင်ငွေများ ကျဆင်းလာမှုအပေါ်  အိမ်ထောင်စုများ၏ လတ်တလော ရင်ဆိုင်ဖြေရှင်းသည့် ဗျူဟာများ 

စစ်တမ်းကောက်ယူမှုများတွင်  ၂၇.၅ ရာခိုင်နှုန်းသော URP မြို့နယ်(၈) မြို့နယ်မှ အိမ်ထောင်စုများသည် ဝင်ငွေများကျဆင်းလာမှုကြောင့် လွန်ခဲ့သော (၁၂) လအတွင်း အာဟာရပြည့်ဝလုံလောက်စွာ မစားသုံးနိုင်ဟု ဖြေဆိုခဲ့ကြပါသည်။ ဖြေဆိုသူများ၏ ၃၅.၇ ရာခိုင်နှုန်းကျော်သည် ဝင်ငွေမရှိသောကြောင့် အစားလျော့စားခြင်းများလည်း ပြုလုပ်ခဲ့သည်ဟု တွေ့ရှိရပါသည်။ 

ပြည့်သူ့ကျန်းမာရေး စောင့်ရှောက်မှုစနစ်များ ဆုတ်ယုတ်အားနည်းလာနှင့်အညီ ပြည်သူများမှာ ယခုအချိန်တွင် ပုပ္ပလိကဆေးရုံ၊ ဆေးခန်းများကို ၎င်းတို့၏ လိုအပ်သော ကျန်းမာရေး ကုသမှုများအတွက် အားထားနေရသည်။ ဝင်ငွေများကျဆင်းလာမှုကြောင့် လူအများစုမှာ ‌ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီရရှိရန် အလွန်ခက်ခဲလာကြသည်။ စစ်တမ်းဖြေဆိုသူများ၏ လေးပုံတပုံကျော် ၂၆.၉ ရာခိုင်နှုန်းသည် မိမိသို့ မိမိ၏မိသားစုဝင်များ နာမကျန်းဖြစ်ပါက ဆေးဝါးနှင့်ဆေးကုသမှုကိုမခံယူဖြစ်ပါဟု ဖြေဆိုထားပါသည်။ ဖြေဆိုသူ လေးပုံသုံးပုံသည် ကျန်းမာရေးအတွက် ဆေးဝါးနှင့်ကုသခြင်း ဝန်ဆောင်မှုနှုန်းထားများမှာ အဆမတန်မြင့်မားသဖြင့် ထိုဝန်ဆောင်မှုများကို ရယူရန် ပိုမိုခက်ခဲလာသည်ဟု ဖြေဆိုထားသည်ကို တွေ့ရှိရပါသည်။ 

URP မြို့နယ် (၈) ခုမှ စစ်တမ်းဖြေဆိုသူ ၄၃ ရာခိုင်နှုန်းသည် လွန်ခဲ့သော (၁၂) လအတွင်း ဝင်ငွေနည်းပါးလာခြင်းကြောင့် ပိုင်ဆိုင်မှုများကို ခွဲခြမ်းရောင်းချခဲ့ရသည်ကို တွေ့ရှိရသည်။ အထူးသဖြင့် ထိုကဲ့သို့ ခွဲခြမ်းရောင်းချခဲ့ရသည့် ဝတ္ထုပစ္စည်းများမှာ မော်တော်ယာဉ်နှင့် အငှားပြေးဆွဲသည့်ယာဉ်များ ဖြစ်နေပါက ၎င်းအိမ်ထောင်စုများ၏ ဝင်ငွေကိုပိုမိုလျော့နည်းစေပြီး ပြန်လည်ရပ်တည်နိုင်ရန် ခက်ခဲစေပါသည်။ 

ထိုကဲ့သို့‌သော ကျပ်တည်းမှုကို လတ်တလောရင်ဆိုင်ဖြေရှင်းရာတွင် အဆိုးရွားဆုံးသော နည်းလမ်းတခုမှာ အိမ်ထောင်စုများမှ ၎င်းတို့၏သားသမီးများကို ပညာသင်ယူနေသည့်ကျောင်းမှ နှုတ်ထွက်စေပြီး အလုပ်ခိုင်းစေ၍ ဝင်ငွေရှာဖွေခိုင်းခြင်းပင်ဖြစ်သည်။ ထိုဖြစ်ရပ်များကို စစ်တမ်းကောက်ယူခဲ့သည့် မြို့နယ် (၈) ခုမှ လူဦးရေ လေးပုံတပုံတွင် တွေ့ရှိခဲ့ရသည်။ ကလေးသူငယ်များအနေဖြင့်လည်း ပညာဆုံးခန်းတိုင်အောင် သင်ကြားနိုင်ခွင့်မရှိခြင်းက ၎င်းတို့ကြီးပြင်းအရွယ်ရောက်သောအခါ ပိုမိုကောင်းမွန်သော အလုပ်အကိုင်များ ရှာဖွေနိုင်သည့် စွမ်းရည်ကို ထိခိုက်ကျဆင်းစေသည်။ 

"ရန်ကုန်၏ မြို့ပြဆင်းရဲနွမ်းပါးမှုနှုန်းသည် သိသိသာသာမြင့်တက်နေပြီး အလုပ်လက်မဲ့ဖြစ်ခြင်းနှင့် ဝင်ငွေလျော့နည်းခြင်းများကလည်း တနေ့တခြား ပိုမိုများပြားလာလျှက်ရှိသည်။ ထိုအခြေအနေများကို ကိုင်တွယ်ဖြေရှင်းရန်မှာ တည်ငြိမ်သောအလုပ်အကိုင်ဖြင့် လူများကို ဝင်ငွေပိုမိုရရှိရန် ပံ့ပိုးပေးခြင်းသည် လူတို့၏ ကျန်းမာရေးနှင့် လူမှုစီးပွါးဘဝကို တိုးတက်စေသည့် ရေရှည်တည်တံ့သော နည်းလမ်းတခုကို လုပ်ဆောင်ရန် လိုအပ်သည်" ဟု UNDP ၏ ဌာနေကိုယ်စားလှယ် Titon Mitra မှ ပြောကြားသည်။ 

ရန်ကုန်၏ မြို့ပြဆင်းရဲနွမ်းပါးမှုကို ကျွန်ုပ်တို့ မည်ကဲ့သို့သော နည်းလမ်းများဖြင့် ကူညီနိုင်ပါသလဲ ? 

မြို့ပြပြည်သူများ၏ ကြံ့ကြံ့ခံနိုင်စွမ်း တည်ဆောက်ပေးရေး စီမံကိန်းသည် ပြည်သူများ၏ ဝင်ငွေဖန်တီးမှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်များပြားလာအောင်ရည်ရွယ်၍ လူငယ်များအတွက် အသက်မွေးဝမ်းကြောင်းသင်တန်းများ ဖန်တီးပေးခြင်း၊ တပိုင်တနိုင်နှင့် အသေးစား စီးပွါးရေးလုပ်ငန်းများ ထူထောင်နိုင်အောင် ပံ့ပိုးပေးခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းသည့် သောက်သုံးရေသန့်နှင့် ကောင်းမွန်သည့် ကျန်းမာရေးဝန်ဆောင်မှုများ လက်လှမ်းမီအသုံးပြုနိုင်အောင်  ဆောင်ရွက်ပေးခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။ 

 ပြီးခဲ့သောနှစ်က စီမံကိန်း၏ ရှေ့ပြေးအစီအစဉ်အနေဖြင့် ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်တွင် စတင်လုပ်ဆောင်ခဲ့ရာ သိသာထင်ရှားသော အောင်မြင်မှုများ ရရှိခဲ့သည်။ Step-in Step-up  အကယ်ဒမီကျောင်း (SISU) နှင့် ပူးပေါင်း၍ ကျောင်းသားလူငယ် (၄၀၀) ကျော်အား အတတ်မွေးဝမ်းကျောင်းသင်တန်းများ ဖြစ်သည့် ဟိုတယ်နှင့်ခရီးသွားဝန်ဆောင်မှု သင်တန်း၊ ကျန်းမာရေးစောင့်ရှောက်မှုသင်တန်းနှင့် အခြေခံရုံးလုပ်ငန်းစီမံခန့်ခွဲမှုဆိုင်ရာသင်တန်းများ စသည်ဖြင့် လေ့ကျင့်ပို့ချပေးခဲ့ရာ ‌ဤသင်တန်းကျောင်းများမှ ပြီးဆုံးအောင်မြင်ခဲ့သော သင်တန်းသားအားလုံးမှာ အချိန်ပြည့်အလုပ်အကိုင်များ အသီးသီး ခန့်အပ်ခြင်းခံခဲ့ရသည်။ 

Yan Naing Tun, 24-year-old current SISU student, lays a table as part of his hospitality training

SISU သင်တန်းကျောင်းသား မောင်ရန်နိုင်ထွန်းမှ လှိုင်သာယာမြို့နယ်အတွင်းရှိ ဟိုတယ်နှင့်ခရီးသွားဝန်ဆောင်မှုသင်တန်းတွင် စားပွဲဝိုင်းအခင်းအကျင်း ပြင်ဆင်ခြင်းအား လေ့လာသင်ယူနေပုံ

UNDP/Ben Small

"ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများမှာ ဝင်ရောက်အလုပ်လုပ်ကိုင်ဖို့ဆိုတာ ကျွန်တော့်ရဲ့ အလုပ်ဘဝပန်းတိုင်တခုပါ။ ဒါပေမယ့် ကျွန်တော့်မှာ အဲဒီလုပ်ငန်းနဲ့ပက်သက်တဲ့ အလုပ်အတွေ့အကြုံတွေ၊ သင်တန်းဆင်းလက်မှတ်နဲ့ အဆက်အသွယ်တွေ ဘာတစ်ခုမှမရှိခဲ့ခြင်းက ကျွန်တော့်အတွက်တော့ သူများနဲ့ယှဉ်ရင် အလေးမသာဘဲ အကြီးမားဆုံး အခက်အခဲ စိန်ခေါ်မှုတခုဖြစ်နေခဲ့ပါတယ်။ ကျွန်တော်အလုပ်လုပ်ချင်တဲ့ ဒီလုပ်ငန်းနယ်ပယ်နဲ့ ပက်သက်တဲ့ သင်တန်းတွေ တက်ရောက်ဖို့ဆိုတာကလည်း ငွေကြေးအခက်အခဲ‌တွေ အများကြီးရှိတာကြောင့် ရက်တိုသင်တန်းတွေတောင်မှ မတတ်နိုင်ခဲ့ဘူး။ ကျွန်တော့်အနေနဲ့ ဘဝအတွက် ရှေ့ဆက်ပြီး ဘာလုပ်ရမှန်းမသိဘဲ လမ်းစပျောက်ခဲ့ရပါတယ်။ အခု UNDP ရဲ့အထောက်အပံ့နဲ့ SISU သင်တန်းကျောင်းမှာ ကျွန်တော်ဝါသနာပါတဲ့ ဟိုတယ်နှင့်ခရီးသွားဝန်ဆောင်မှုသင်တန်းကို တက်ရောက်ခွင့်ခဲ့တဲ့ အချိန်ကစပြီး ကျွန်တော့်မှာ အနာဂတ်အတွက်မျှော်လင့်ချက်တွေ၊ အစီအစဉ်တွေ ပြန်လည်ရှိလာခဲ့တယ်။ ဒီသင်တန်းပြီးသွားလို့ အလုပ်ရရင် ကျွန်တော့်ရဲ့ လစာတဝက်ကို ကျွန်တော့်ရဲ့မိသားစုကို ပြန်လည်ထောက်ပံ့ပေးချင်ပါတယ်၊ အထူးသဖြင့်ကျွန်တော့်မိသားစုမှာ မှီခိုနေရတဲ့ မောင်နှမခြောက်ယောက်ရှိတာကြောင့် မွေးချင်းအငယ်ဆုံးနှစ်ယောက်ရဲ့ ပညာရေးစရိတ်အတွက် ထောက်ပံ့ပေးချင်ပါတယ်" ဟု SISU သင်တန်းကျောင်းတွင် တက်ရောက်နေသူ အသက် (၂၄) နှစ်အရွယ် မောင်ရန်နိုင်ထွန်းက ပြောကြားခဲ့ပါသည်။  

ယခုလုပ်ဆောင်လျှက်ရှိသော စီမံကိန်းသည် ကုလသမဂ္ဂ၏ အခြားသော အေဂျင်စီများနှင့်လည်း ပူးပေါင်းဆက်သွယ်၍ လုပ်ဆောင်နေခြင်းဖြစ်သည်။ UN-Habitat အနေဖြင့် ရေအရင်းအမြစ်များ အရည်အသွေးရှိမှုနှင့် လုံလောက်သော ပမာဏရရှိနိုင်စေရန် အစရှိသည့်လုပ်ဆောင်မှုများအပြင် စွန့်ပစ်ရေဆိုးစီမံခန့်ခွဲမှုများကိုပါ ကူညီပံ့ပိုးပေးလျှက်ရှိသည်။ UN Women အနေဖြင့်လည်း ဖယ်ကြဉ်ခံအမျိုးသမီးများအတွက် လူမှုစိတ်ပိုင်းဆိုင်ရာ အထောက်အပံ့များကဲ့သို့သော အခြေခံဝန်ဆောင်မှုများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျှက်ရှိကာ အမျိုးသမီးများ ဝင်ငွေစီးပွါးရှာဖွေနိုင်ရန်အတွက်လည်း စီးပွါးရေးစွမ်းဆောင်ရည် မြင့်တင်ပေးရေး အစီအစဉ်များဖြင့် နည်းလမ်းပြသပေးလျှက်ရှိပါသည်။  

People load water bottles onto a truck in Yangon's Hlaingtharya Township
UNDP/Ben Small

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်မှ မြို့ပြပြည်သူများ၏ ကြံ့ကြံ့ခံနိုင်စွမ်း တည်ဆောက်ပေးရေး စီမံကိန်းအနေဖြင့် လာမည့် ၂၀၂၃ တွင် နောက်ထပ်လူပေါင်း ၄၅၀,၀၀၀ ကျော်ကို ရောက်ရှိကူညီပေးနိုင်မည်ဟု မျှော်မှန်းထားသည်။ ပိုမိုကျယ်ပြန့်သော ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်မှ စီမံကိန်းများဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၁ ခုမှ လူပေါင်းတစ်သန်းကို လက်ရှိအချိန်တွင် ရောက်ရှိကူညီခဲ့ပြီးဖြစ်ပြီး လာမည့် ၂၀၂၄ တွင် လူဦးရေ ၇ သန်းထိ ကျယ်ပြန့်စွာကူညီနိုင်စေရန် မျှော်မှန်းလုပ်ဆောင်လျှက်ရှိသည်။ 

UNDP ၏ လုပ်ဆောင်ချက်များအားလုံးသည် သမာသမတ်ကျစွာ ဘက်လိုက်မှုမရှိဘဲ၊ အမှီအခိုကင်း၍ ရပ်ရွာအသိုင်းအဝန်းများသို့ တိုက်ရိုက်ရောက်ရှိပေးပို့စေပါသည်။ 

'လူမှုစီးပွါးကျဆင်းမှုကို ရင်ဆိုင်ကျော်လွှားနိုင်ရန် ရပ်ရွာလူထုအား ကူညီခြင်း - မြို့ပြပြည်သူများ၏ ကြံ့ကြံ့ခံနိုင်စွမ်း တည်ဆောက်ပေးခြင်း'  အစီရင်ခံစာအပြည့်အစုံအား အဂ်လိပ်ဘာသာဖြင့် ဖတ်ရှုရန် ဒီမှာနှိပ်ပါ။