မညီမျှသော ဝန်ထုပ်ဝန်ပိုးများမှသည် တန်းတူညီမျှသော အခွင့်အလမ်းများဆီသို့

မြန်မာနိုင်ငံရှိ အမျိုးသမီးများ၏ ကြံ့ကြံ့ခံနိုင်စွမ်းကို ကျွန်ုပ်တို့ ဂုဏ်ပြုသော်လည်း စစ်မှန်သော တိုးတက်မှု ရရှိရန်အတွက် အတားအဆီးများကို ဖယ်ရှားပြီး တန်းတူညီမျှသော အခွင့်အလမ်းများဆီသို့ လမ်းဖွင့်ပေးရန် လိုအပ်ပါသည်။

2026- အောက်တိုဘာလ 15
Smiling group of women in bright outfits posing in a rural field.

အမျိုးသမီးများသည် ကျေးလက်စီးပွားရေး၏ ကျောရိုး ဖြစ်သော်လည်း၊ ၎င်းတို့သည် မြေယာနှင့် စိုက်ပျိုးရေး လုပ်ငန်းသုံး ပစ္စည်းများအား ရယူသုံးစွဲခွင့်တွင် မညီမျှမှုများနှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်။ စိုက်ပျိုးရေး လုပ်ကိုင်သော လူမှုအသိုင်းအဝိုင်းများတွင် အမျိုးသား ၆၄ ရာခိုင်နှုန်း မြေယာပိုင်ဆိုင်မှုနှင့် နှိုင်းယှဉ်ပါက အမျိုးသမီး ၄၉ ရာခိုင်နှုန်းသာ မြေယာပိုင်ဆိုင်ကြောင်း UNDP ၏ ဆန်းစစ်လေ့လာချက်အရ တွေ့ရှိရသည်။ ဤမညီမျှမှုများကို ဖြေရှင်းဆောင်ရွက်ခြင်းသည် အမျိုးသမီးများအနေဖြင့် မိမိတို့၏ လူမှုအသိုင်းအဝိုင်းကို စုစည်းထိန်းသိမ်းထားနိုင်ရုံသာမက ဘက်စုံပြောင်းလဲတိုးတက်အောင် စွမ်းဆောင်နိုင်စွမ်းရှိသည့် အနာဂတ်တစ်ခုကို တည်ဆောက်ရန်အတွက် အလွန်အရေးကြီးပါသည်။

ဓာတ်ပုံ - UNDP Myanmar

မြန်မာနိုင်ငံတစ်ဝှမ်းရှိ ကျေးရွာများနှင့် ရပ်ကွက်များတွင် အမျိုးသမီးများသည် ၎င်းတို့ထမ်းဆောင်သင့်သည့် တာဝန်ထက် ပိုမိုများပြားသော ဝန်ထုပ်ဝန်ပိုးများကို ထမ်းပိုးထားကြရသည်။ ၎င်းတို့သည် နိုင်ငံသမိုင်းတစ်လျှောက် အခက်ခဲဆုံးအချိန်ကာလများထဲမှ တစ်ခုကို ဖြတ်သန်းရင်း ကလေးငယ်များနှင့် သက်ကြီးရွယ်အို ဆွေမျိုးများကို ပြုစုစောင့်ရှောက်ခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် အသေးစားစီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်စီမံခြင်း၊ မိသားစုများနှင့် လူမှုအသိုင်းအဝိုင်းများကို စုစည်းထိန်းသိမ်းခြင်း စသည်တို့ကို လုပ်ဆောင်နေကြရသည်။ သို့သော်လည်း ဤသို့လုပ်ဆောင်နေကြရသည့် လုပ်ငန်းအများစုမှာ လူမသိသူမသိဖြစ်နေရပြီး အခကြေးငွေမရရှိခြင်းနှင့် တန်ဖိုးထားမခံရခြင်းတို့ကို ကြုံတွေ့နေရဆဲ ဖြစ်သည်။ ဤသို့သော လုပ်ဆောင်ချက်များကို ကျွန်ုပ်တို့အနေဖြင့် "ကြံ့ကြံ့ခံနိုင်စွမ်း" ဟုသာ ရိုးရှင်းစွာ အလွယ်တကူ ခေါ်ဆိုလေ့ရှိကြသည်။

ကျေးလက်အမျိုးသမီးများအတွက် "ကြံ့ကြံ့ခံနိုင်စွမ်း" ၏ အဓိပ္ပာယ်ကို ပြန်လည်သုံးသပ်ဆန်းစစ်ခြင်း

"ကြံ့ကြံ့ခံနိုင်စွမ်း" (Resilience) ဆိုသည်မှာ ကျွန်မ အမြဲလိုလို စဉ်းစားတွေးတောမိနေသည့် စကားလုံးတစ်လုံး ဖြစ်ပါသည်။ ယင်းသည် အခက်အခဲအတားအဆီးများကြားမှ ရုန်းကန်ကျော်လွှားနိုင်စွမ်းနှင့် ခက်ခဲသော အခြေအနေများတွင် ဆက်လက်ရှင်သန်ရပ်တည်နိုင်စွမ်းတို့ကို အသိအမှတ်ပြုခြင်း ဖြစ်သည်။ သို့သော်လည်း အခြားတစ်ဖက်တွင် လူမှုအသိုင်းအဝိုင်းများ၊ အထူးသဖြင့် အမျိုးသမီးများအနေဖြင့် မည်မျှအထိ တောင့်ခံပေးထားကြရသည် ဆိုသည်ကို ဤစကားလုံးက ဖုံးကွယ်သွားစေနိုင်ပါသည်။

အမျိုးသမီးများအနေဖြင့် ပဋိပက္ခများ၊ နေရပ်စွန့်ခွာရမှုများ၊ စီးပွားရေးဆိုင်ရာ ဖိအားများနှင့် တိုးပွားလာသော ပြုစုစောင့်ရှောက်မှု တာဝန်များကို ကြံ့ကြံ့ခံရင်ဆိုင်နေကြရခြင်းအပေါ် ကျွန်ုပ်တို့က ဂုဏ်ပြုချီးကျူးကြသည့်အခါ ၎င်းတို့၏ သည်းခံတောင့်ခံနိုင်စွမ်းကို ကုန်ဆုံးသွားခြင်းမရှိသည့် အကန့်အသတ်မဲ့ အရင်းအမြစ်တစ်ခုကဲ့သို့ သဘောထားမိသွားနိုင်သည့် အန္တရာယ်ရှိပါသည်။

လတ်တလော ထွက်ရှိထားသည့် UNDP နှင့် UN Women တို့၏ ပူးတွဲအစီရင်ခံစာဖြစ်သော မညီမျှသော ဝန်ထုပ်ဝန်ပိုးများ - မြန်မာနိုင်ငံ၏ အကျပ်အတည်းကာလ စီးပွားရေးအတွင်းရှိ အမျိုးသမီးများ တွင် ဤမျှတမှုမရှိသည့် မညီမျှမှုပမာဏကို လျစ်လျူရှုထားရန် ခက်ခဲလှကြောင်း ဖော်ပြထားသည်။ အမျိုးသား ၂၃ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက အမျိုးသမီး ၄၂ ရာခိုင်နှုန်းတွင် မည်သည့်ဝင်ငွေမျှ မရှိကြပေ။ ဝင်ငွေရှိသော အမျိုးသမီးများသည်လည်း ပျမ်းမျှအားဖြင့် သိသိသာသာ ပိုမိုနည်းပါးစွာ ရရှိကြပြီး အခကြေးငွေမရရှိသည့် ပြုစုစောင့်ရှောက်မှု လုပ်ငန်းအများစုကိုလည်း ဆက်လက်ပုခုံးထမ်း ထမ်းဆောင်နေကြရဆဲ ဖြစ်သည်။ လုပ်ငန်းခွင်ပြင်ပရှိ အမျိုးသမီးများအနက် ၇၈ ရာခိုင်နှုန်းက လုပ်ငန်းခွင်သို့ မဝင်ရောက်နိုင်ခြင်း၏ အဓိကအကြောင်းရင်းမှာ ပြုစုစောင့်ရှောက်မှု တာဝန်များကြောင့် ဖြစ်သည်ဟု ပြောကြားကြပြီး အမျိုးသားများတွင်မူ လေးပုံတစ်ပုံကျော်ခန့်သာ ဤအကြောင်းရင်းကို ပြောကြားခဲ့ကြသည်။

ကျေးလက်အမျိုးသမီးများအတွက်မူ ဤဖိအားများသည် ဈေးကွက်၊ ဘဏ္ဍာရေး၊ ကုန်ထုတ်လုပ်မှုဆိုင်ရာ ပိုင်ဆိုင်မှုများနှင့် ပြည်သူ့ဝန်ဆောင်မှုများ ရယူသုံးစွဲနိုင်ခွင့် အကန့်အသတ်ရှိမှုတို့အပြင် လုံခြုံမှုမရှိခြင်းနှင့် နေရပ်စွန့်ခွာရခြင်းတို့နှင့်ပါ ထပ်တူထပ်မျှ ကြုံတွေ့နေရခြင်း ဖြစ်သည်။ ဝင်ငွေများ လျော့နည်းသွားခြင်း၊ မိသားစုများ ရွှေ့ပြောင်းရခြင်း သို့မဟုတ် ဝန်ဆောင်မှုများကို လက်လှမ်းမီရန် ပိုမိုခက်ခဲလာခြင်းတို့ ဖြစ်ပေါ်သည့်အခါတွင်လည်း ပြုစုစောင့်ရှောက်မှု တာဝန်များမှာ ပျောက်ကွယ်သွားခြင်း မရှိဘဲ ပိုမိုကျယ်ပြန့်လာရုံသာ ရှိသည်။

အမျိုးသမီးများသည် ကလေးသူငယ်များ၊ သက်ကြီးရွယ်အို မိသားစုဝင်များ၊ မသန်စွမ်းသူများနှင့် နေရပ်စွန့်ခွာလာရသော ဆွေမျိုးများကို ဆက်လက်ပြုစုစောင့်ရှောက်ပေးနေကြရပြီး များသောအားဖြင့် အိမ်ထောင်စု၏ စားနပ်ရိက္ခာဖူလုံမှုကို ကာကွယ်ပေးရင်း ဝင်ငွေရရှိမည့် အရင်းအမြစ်အသစ်များကိုပါ ရှာဖွေနေကြရသည်။ ပြုစုစောင့်ရှောက်မှုဆိုသည်မှာ မိသားစုတစ်ခုတည်း၏ ကိုယ်ပိုင်တာဝန်ဝတ္တရားမျှသာ မဟုတ်ဘဲ စီးပွားရေးနှင့် လူမှုအသိုင်းအဝိုင်းများ လည်ပတ်နိုင်ရန်အတွက် အခြေခံအုတ်မြစ်၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။

အမျိုးသမီးများသည် ၎င်းတို့၏ အခကြေးငွေမရသော လုပ်အားများမှတစ်ဆင့် မိသားစုများနှင့် လူမှုအသိုင်းအဝိုင်းများအတွက် များစွာအထောက်အပံ့ပေးနေကြရပြီး များသောအားဖြင့် ယင်းသည် ၎င်းတို့ကိုယ်တိုင်အတွက် ကြီးမားသော ပေးဆပ်မှုများဖြင့် ရင်းနှီးရလေ့ရှိသည်။ ပြုစုစောင့်ရှောက်မှုအတွက် အသုံးပြုရသော အချိန်များသည် ပညာရေး၊ သင်တန်းများ၊ လစာရရှိသည့် အလုပ်အကိုင်၊ စီးပွားရေးလုပ်ငန်း သို့မဟုတ် လူမှုအသိုင်းအဝိုင်းတွင် ခေါင်းဆောင်မှုကဏ္ဍတို့၌ ရင်းနှီးမြှုပ်နှံနိုင်ခြင်း မရှိတော့သည့် အချိန်များပင် ဖြစ်သည်။ ပဋိပက္ခများသည် ဤမညီမျှမှုများကို ပိုမိုသိသာထင်ရှားစေသည်။ ပဋိပက္ခပြင်းထန်စွာ ဖြစ်ပွားနေသည့် ဒေသများတွင် အမျိုးသားများ၏ အလုပ်အကိုင်ရရှိမှု ၈၂ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှုမှာ ၆၂ ရာခိုင်နှုန်းသာ ရှိပါသည်။

"ကြံ့ကြံ့ခံနိုင်စွမ်း" ဆိုသည်မှာ ကုန်ဆုံးသွားခြင်းမရှိသည့် အရင်းအမြစ်တစ်ခု မဟုတ်သကဲ့သို့၊ အိမ်ထောင်စုများနှင့် လူမှုအသိုင်းအဝိုင်းများအပေါ် သက်ရောက်လာသည့် ဖိအားသစ်တိုင်းကို အမျိုးသမီးများက ဆက်လက်တောင့်ခံပေးသွားလိမ့်မည်ဟူသော မျှော်လင့်ချက်တစ်ခုလည်း မဖြစ်လာသင့်ပေ။ ကျွန်ုပ်တို့သည် ၎င်းတို့၏ ပတ်ဝန်းကျင်ရှိ စနစ်ယန္တရားများထံမှ တောင်းဆိုမှု အလွန်နည်းပါးနေပြီး အမျိုးသမီးများကိုယ်တိုင်ထံမှမူ အလွန်အကျွံ တောင်းဆိုနေမိသည့် အန္တရာယ်ရှိနေပါသည်။

တိုးတက်မှုဆိုသည်မှာ အမျိုးသမီးများ မည်မျှအထိ ပိုမိုသည်းခံတောင့်ခံနိုင်သည်ဆိုသည့် အချက်အပေါ်တွင် တိုင်းတာ၍မရနိုင်ပေ။ ယင်းသည် ၎င်းတို့ထမ်းပိုးထားရသော ဝန်ထုပ်ဝန်ပိုးများကို လျှော့ချပေးနိုင်ခြင်း ရှိ၊ မရှိနှင့် ၎င်းတို့၏ ရွေးချယ်ခွင့်များကို တိုးချဲ့ပေးနိုင်ခြင်း ရှိ၊ မရှိ ဆိုသည့်အချက်သာ ဖြစ်ရပါမည်။ ဤသို့သော မညီမျှမှုများသည် ရှောင်လွှဲ၍မရနိုင်သောအရာများ မဟုတ်ကြပါ။ ၎င်းတို့သည် ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးအစီအစဉ်များကို မည်သို့ပုံဖော်ရေးဆွဲမည်၊ မည်သို့ဘဏ္ဍာငွေထောက်ပံ့မည်၊ မည်သို့တိုင်းတာမည်ဆိုသည့်အချက်များအပေါ် စနစ်တကျ သေချာစွာရွေးချယ် ဆုံးဖြတ်ခြင်းဖြင့် ကျွန်ုပ်တို့ ဖြေရှင်းကျော်လွှားနိုင်သည့် အတားအဆီးများသာ ဖြစ်ကြပါသည်။
 

ပံ့ပိုးကူညီမှုများမှသည် ပိုမိုကြီးမားသော အခွင့်အလမ်းနှင့် ရွေးချယ်ခွင့်များဆီသို့ လမ်းဖွင့်ပေးခြင်း

UNDP တွင် လုပ်ဆောင်နေသော ကျွန်ုပ်တို့၏ လုပ်ငန်းများသည် ဖြစ်နိုင်ချေရှိသည်များကို ဖော်ပြနေသကဲ့သို့ ကျွန်ုပ်တို့ ရှေ့ဆက်သွားရန် မည်မျှအထိ လိုအပ်နေသေးသည်ကိုလည်း ပြသနေသည်။ ၂၀၂၆ ခုနှစ်၏ တတိယသုံးလပတ် ကုန်ဆုံးချိန်တွင် ကျွန်ုပ်တို့၏ စိုက်ပျိုးရေးအခြေခံ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပံ့ပိုးကူညီမှုများသည် ကျေးလက်နှင့် မြို့ပြလူမှုအသိုင်းအဝိုင်းများရှိ အမျိုးသမီးပေါင်း ၁၅၁,၀၀၀ ကျော်ထံသို့ ရောက်ရှိခဲ့ပြီး ဖြစ်သည်။ ထို့အပြင် အမျိုးသမီးပေါင်း ၃,၁၀၀ ကျော်သည် နည်းပညာနှင့် သက်မွေးဝမ်းကျောင်းပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများကို ရရှိခဲ့ကြပြီး လုပ်အားပေး ကာလတိုဝင်ငွေရရှိရေးလုပ်ငန်း (Cash for Work) မှတစ်ဆင့် အမျိုးသမီးပေါင်း ၅,၁၀၀ ကျော်အား ကာလတိုဝင်ငွေများ ပံ့ပိုးပေးနိုင်ခဲ့သည်။ UNDP အနေဖြင့် အသက်မွေးဝမ်းကျောင်းနှင့် အသေးစားစီးပွားရေးလုပ်ငန်း အဖွဲ့ပေါင်း ၁၉၆ ဖွဲ့ကို ကူညီပံ့ပိုးပေးခဲ့ပြီး လူဦးရေ ၁,၇၇၀ ကျော်ထံသို့ ရောက်ရှိခဲ့ရာ ၎င်းတို့အနက် ၉၉ ရာခိုင်နှုန်းမှာ အမျိုးသမီးများ ဖြစ်ကြသည်။

ဝင်ငွေနှင့် ကျွမ်းကျင်မှုများအပြင် UNDP သည် အမျိုးသမီးများအနေဖြင့် ၎င်းတို့၏ လူမှုအသိုင်းအဝိုင်းများတွင် ပိုမိုတက်ကြွစွာ ပါဝင်လာနိုင်စေရန်အတွက်လည်း ကူညီပံ့ပိုးပေးခဲ့သည်။ ဒေသတွင်းပါဝင်ဆောင်ရွက်မှုနှင့် ဆုံးဖြတ်ချက်ချမှတ်မှုများကို ပံ့ပိုးပေးသည့် လူမှုအဖွဲ့အစည်းများနှင့် လုပ်ငန်းယန္တရားများမှတစ်ဆင့် အမျိုးသမီးပေါင်း ၆,၄၀၀ ကျော်ထံသို့ ရောက်ရှိပံ့ပိုးပေးနိုင်ခဲ့သည်။

ဤကိန်းဂဏန်းများသည် အလွန်အရေးကြီးပါသည်။ ယင်းတို့သည် အမျိုးသမီးများအနေဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ ကျွမ်းကျင်မှုများနှင့် ၎င်းတို့၏ ဘဝအပေါ် သက်ရောက်မှုရှိသည့် ဆုံးဖြတ်ချက်များတွင် ပိုမိုပြောရေးဆိုခွင့်ရရှိလာစေမည့် အခွင့်အလမ်းများကို ရရှိလာကြကြောင်း ဖော်ပြနေခြင်း ဖြစ်သည်။

သို့သော်လည်း ပါဝင်ဆောင်ရွက်ခွင့်ရရှိခြင်းသည် ဘက်စုံပြောင်းလဲတိုးတက်ခြင်း (Transformation) နှင့် တစ်ထေရာတည်း မတူညီပါ။ သင်တန်းတက်ရောက်ခွင့် အခွင့်အလမ်းတစ်ခုရရုံမျှဖြင့် အခကြေးငွေမရရှိသော ပြုစုစောင့်ရှောက်မှု ဝန်ထုပ်ဝန်ပိုးကို အလိုအလျောက် ကျော်လွှားနိုင်မည် မဟုတ်ပေ။ ရန်ပုံငွေထောက်ပံ့ကြေး ရရှိရုံမျှဖြင့်လည်း အမျိုးသမီးတစ်ဦးအနေဖြင့် ယင်းမှရရှိလာသည့် ဝင်ငွေအပေါ် မိမိကိုယ်တိုင် စီမံခန့်ခွဲပိုင်ခွင့်ကို အလိုအလျောက် ရရှိသွားမည်မဟုတ်ပါ။ လူမှုအဖွဲ့အစည်းတစ်ခုတွင် အဖွဲ့ဝင်ဖြစ်ခွင့်ရရှိရုံမျှဖြင့်လည်း ၎င်း၏ ဆုံးဖြတ်ချက်များအပေါ် လွှမ်းမိုးနိုင်စွမ်းရှိလာမည်ဟု မဆိုနိုင်ပေ။

ဤအချက်သည်ပင် ကျွန်ုပ်တို့၏ လုပ်ငန်းများကို ပိုမိုစနစ်တကျ သေချာစွာ ပုံဖော်လုပ်ဆောင်ရမည့် အပိုင်းဖြစ်သည်။ အသက်မွေးဝမ်းကျောင်းနှင့် ကျွမ်းကျင်မှုဆိုင်ရာ အစီအစဉ်များသည် အမျိုးသမီးများ၏ အချိန်၊ ပြုစုစောင့်ရှောက်မှုတာဝန်၊ သွားလာလှုပ်ရှားနိုင်မှုနှင့် ဘေးကင်းလုံခြုံမှုဆိုင်ရာ အကန့်အသတ်များကိုပါ ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။ အမျိုးသမီးဦးဆောင်သော စီးပွားရေးလုပ်ငန်းများသည် ထောက်ပံ့ကြေးများသာမက ဈေးကွက်၊ ဘဏ္ဍာရေး၊ နည်းပညာနှင့် ကုန်ထုတ်လုပ်မှုဆိုင်ရာ ပိုင်ဆိုင်မှုများကိုပါ ရယူသုံးစွဲနိုင်ရန် လိုအပ်သည်။ ဒေသတွင်း ယန္တရားများသည် အမျိုးသမီးများအား ရိုးရှင်းစွာ ပါဝင်ဆောင်ရွက်စေရုံမျှမကဘဲ အဓိကဦးစားပေးရမည့်အချက်များနှင့် ဆုံးဖြတ်ချက်များအပေါ် လွှမ်းမိုးနိုင်စွမ်းရှိလာစေမည့် အခွင့်အလမ်းများကို ဖန်တီးပေးရမည်ဖြစ်သည်။ ကျွန်ုပ်တို့၏ စောင့်ကြည့်လေ့လာဆန်းစစ်မှုများသည်လည်း ရိုးရိုးရှင်းရှင်း ပါဝင်ဆောင်ရွက်မှုထက် ကျော်လွန်၍ ဝင်ငွေအပြောင်းအလဲများ၊ ပိုင်ဆိုင်မှုများအပေါ် စီမံခန့်ခွဲခွင့်၊ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် (Agency)၊ ဘေးကင်းလုံခြုံမှု၊ ခေါင်းဆောင်မှုနှင့် အချိန်ပေးနိုင်မှု စသည့်အချက်များအပေါ် ပြောင်းလဲလာမှုများကိုပါ ရှုမြင်သုံးသပ်ရမည် ဖြစ်သည်။

ယနေ့တွင် ကျရောက်သော ကမ္ဘာ့ကျေးလက်အမျိုးသမီးများနေ့ (International Day of Rural Women) တွင် ကျွန်ုပ်တို့သည် အမျိုးသမီးများ၏ ထမ်းပိုးထားရသော ဝန်ထုပ်ဝန်ပိုးများကို စိတ်ကူးယဉ်မွန်းမံမနေဘဲ ၎င်းတို့၏ စွမ်းဆောင်ပေးဆပ်မှုများကို ဂုဏ်ပြုချီးကျူးကြရမည် ဖြစ်သည်။ မြန်မာနိုင်ငံရှိ အမျိုးသမီးများသည် မိသားစုများနှင့် လူမှုအသိုင်းအဝိုင်းများကို စုစည်းထိန်းသိမ်းထားနှင့်ပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တာဝန်မှာ ၎င်းတို့အား အဆုံးမရှိ ဆက်လက်၍ "ကြံ့ကြံ့ခံ" ပေးနေရန် တောင်းဆိုနေဖို့ မဟုတ်ပါ။ ၎င်းတို့တွင် နိုင်ငံတော် ပြန်လည်ထူထောင်ရေးနှင့် အနာဂတ်ကို ပုံဖော်တည်ဆောက်နိုင်ရန်အတွက် လိုအပ်သော အရင်းအမြစ်များ၊ အခွင့်အရေးများနှင့် အသံများ ရှိလာစေရန် အာမခံချက်ပေးဖို့သာ ဖြစ်ပါသည်။