ပြန်လည်ထူထောင်ရေး အမြစ်တွယ်ခိုင်မာလာ

2019- October 2

ပြန်လည်ထူထောင်ရေး အမြစ်တွယ်ခိုင်မာလာ

၂၀၁၈ နှင့် ၂၀၁၉ ရေကြီးရေလျှံမှုများ၏ ဖျက်ဆီးမှုဒဏ်ခံရပြီးသည့်နောက် မွန်ပြည်နယ် ရပ်ရွာလူထုများ မိမိခြေထောက်ပေါ် မိမိရပ်တည်ရန်ကြိုးစားရင်းမှ သင်ခန်းစာ အတွေ့အကြုံများ ရရှိ


၂၀၁၈ ဇူလိုင်လတွင် မြန်မာနိုင်ငံတဝှမ်း၌ မိုးရာသီ အလွန်အမင်း ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ရာ ကရင်နှင့်မွန်ပြည်နယ် ၊ တနင်္သာရီနှင့်ပဲခူးတိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ် နေရာ အနှံ့အပြား ထိခိုက်ပျက်စီးခဲ့ရသည်။ လူဦးရေ ၂၀ သေဆုံးကာ ၂၆၈၄၃၈ ဦး နေရပ်စွန့်ခွာကြရပြီး အမေရိကန်ဒေါ်လာ ၃.၆ သန်း တန်ဖိုးရှိ အခြေခံ အဆောက်အအုံများ ပျက်စီးခဲ့သည်။ [သတင်းရင်းမြစ် - မြန်မာနိုင်ငံအစိုးရ] စိုက်ပျိုးရေးကဏ္ဍမှာ ဆုံးရှုံးမှုအများဆုံးဖြစ်သည်။

ဓါတ်ပုံ - ထွေအုပ် ၊ ကျိုက်မရောမြို့နယ်


“ကျွန်မတို့စပါးခင်းတွေ လုံးဝပျက်စီးသွားတယ်။ လမ်းတွေ ပျက်စီးကုန်တော့ စိုက်ခင်းထဲ လည်းမလုပ်နိုင် ခြံထွက်သီးနှံတွေရောင်းဖို့ ဈေးကိုလည်း မသွားနိုင်ဖြစ်ကြတော့တာပဲ။” မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ရှိ အထက်ရာကျေးရွာတွင် စပါးစိုက်ပျိုးခြင်းဖြင့် အသက်မွေးသူ ကလေး ၇ ဦးမိခင် ဒေါ်ရီထွေးက သတိတရဆိုသည်။ “လမ်းတွေပျက်စီး ကုန်တော့ ကလေးတွေလည်း ကျောင်းသွားတက်လို့မရတော့တာနဲ့ အိမ်မှာပဲနေကြရတော့ တာပဲ။”


“Our paddy fields were completely destroyed. Since the roads were damaged, we could not work in the fields or go to the market to sell our produce,” recalls Daw Yi Htwe, a mother of seven children. She ekes out a living by growing rice in the village of Ah Hta Ya in Kyaikmaraw Township in Mon State. “The children couldn’t go to school and had to stay at home since the pathways were damaged.”


ဒေါ်ရီထွေး၏ ရင်သွေးများမှာ အသက် ၉ နှစ်မှ ၃၀ တိုင်အောင် အသီးသီးရှိကြပြီး အကြီးဆုံး ကလေးမှာ ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ထွက်ခွာသွားပြီး ဖြစ်သည်။ ကိုယ်တိုင် က ပညာမတတ်ခဲ့သည့်အတွက် သူမ၏ ရင်သွေးကလေးငယ်များ ပညာတတ်မြောက်ပြီး ရှေ့ရေး ကောင်းစေရန် သူမက မျှော်မှန်းထားသည်။  

ဆန်စပါးစိုက်ပျိုးရေးမှာ မြန်မာနိုင်ငံစိုက်ပျိုးရေး၏ ကျောရိုးဖြစ်ပြီး မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း အရပ်နည်းတူ မွန်ပြည်နယ် (ဤပြည်နယ်တခုတည်းမှာပင် လူဦးရေ ၁ သောင်း နေရပ်စွန့်ခွာခဲ့ကြရသည် သတင်းရင်းမြစ် -OCHA) လူထုမှာလည်း အဓိက အသက်မွေးဝမ်းကျောင်းအဖြစ် စိုက်ပျိုးရေးအပေါ် အမှီပြုနေရသည်။ မွန်ပြည်နယ်တွင် စိုက်ပျိုးနိုင်သောမြေ ဧက ၃ သန်း နီးပါး ရှိပြီး ယင်းတို့အနက် မြေနေရာအများစုမှာ စပါး စိုက်ခင်းများ ဖြစ်ကြသည်။ ဤဒေသတွင် မိုးရာသီ ရေဘေးကျရောက်သောအခါ ထိခိုက်ပျက်စီး သွားသည့် သီးနှံ၏ ၉၀ ရာခိုင်နှုန်းမှာ ဆန်စပါးဖြစ်သည်။ လုပ်ကွက်ငယ်လယ်သမားများမှာ အထိနာဆုံးဖြစ်သည်။



ရေကြီးရေလျှံမှုကြောင့် ပျက်စီးသွားသည့် စပါးခင်းများ။ ဓါတ်ပုံ - CDA



မြေနီလမ်းများ ၊ အမိုးစောင်း သစ်သားအိမ်များရှိသော  အထက်ရာကျေးရွာမှာ မြွေလိမ်မြွေကောက် ဖြတ်သန်းစီးဆင်းနေသော အတ္တရံမြစ်နံဘေးတွင် တည်ရှိသည်။ ပန်းချီကား တချပ်ကဲ့သို့ လှပလွန်းပြီး စိုက်ပျိုးရေး ၊ တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများနှင့် ပနံရသော်ငြားလည်း ကျေးရွာ အခြေချရာနှင့် အတ္တရံမြစ် နီးကပ်မှုကြောင့် ဝဿန်ရာသီ ရောက်သည့်အခါတိုင်း ရွာသူရွာသားများမှာ ကစဉ့်ကလျားဖြစ်ကြရပြန်သည်။  

ဒေါ်ရီထွေး၏ အိမ်နီးနားချင်းများတွင်လည်း ဆင်တူယိုးမှား ဇတ်ကြောင်းများရှိပြီး လမ်းများ ပျက်စီးခြင်းကြောင့် ဈေးသို့ သွားရောက်ကုန်သွယ်ခြင်း မပြုနိုင်သည့်အတွက် ဝင်ငွေ ရပေါက်ရလမ်းမဲ့ကြရသည်။

ဝင်ငွေဆုံးရှုံးမှုများအား ဖြေရှင်းရေးအတွက် ၎င်းတို့ကိုယ်ပိုင် အံတုရင်ဆိုင်နိုင်စွမ်း (coping mechanisms) နှင့် ပျက်စီးနေသည့်လမ်းများကို ပြုပြင်ရန်နည်းလမ်းများအား ရွာသူရွာသားများ အနေဖြင့် များမကြာမီ ကြံဆရတော့သည်။ ထို့နောက်တွင် အစိုးရထံမှ ထောက်ပံ့ကြေးဖြင့် စပါး ပြန်လည်စိုက်ပျိုးပြီး ဟင်းသီးဟင်းရွက်များတွင် ရင်းနှီးမြုပ်နှံကြတော့သည်။

သို့သော် ဝဿန်ရာသီ ကုန်ဆုံးချိန်ရောက်လျှင်မူ လယ်သမားများအပေါ် အခြားဝန်ထုပ်ဝန်ပိုး တခု ဖိစီးလာပြန်တော့သည်-  ဂိမှာန်နွေကူးပြောင်းသည့်နှင့်တပြိုင်နက် သီးနှံအသစ်များအတွက် စိုက်ပျိုးရေ ခြောက်ခန်းသွားပြန်တော့သည်။

ရေကြီးရေလျှံဒဏ်ခံရသူများအနက် ထိခိုက်အနစ်နာဆုံးသူများအတွက် ကနဦး ပြန်လည် ထူထောင်ရေး အထောက်အပံ့များ ပံ့ပိုးပေးခြင်းဖြင့် အစိုးရ၏ ကြိုးပမ်းအားထုတ်မှု နှင့် အဆက်အဟပ်မိစေရန် UNDP က ဤအဆင့်တွင် ဝင်ရောက်ဆောင်ရွက်ပေးသည်။ ကြံ့ကြံ့ခံ နိုင်စွမ်းရှိသောပြန်လည်ထူထောင်ရေး စွမ်းရည်ပျိုးထောင်ခြင်းနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ် စီမံခန့်ခွဲရေး ဦးစီးဌာနအား ပံ့ပိုးပေးနေသော UNDP ၏ ဆောင်ရွက်ဆဲ စီမံချက်နှင့် ချိတ်ဆက် လုပ်ဆောင်ပေးခြင်းဖြစ်သည်။








ဓါတ်ပုံ - UNDP မြန်မာ


မွန်ပြည်နယ်ရှိ လယ်သမားများအနေဖြင့် ပျိုးပြန်ကြဲထားသည့် သီးနှံများ ရေသွင်း စိုက်ပျိုးနိုင်ရေး လက်ငင်းအခက်အခဲအား ကျော်လွှားနိုင်ရန် နှင့် နှစ်ထပ်ကွမ်းဆုံးရှုံးမှုများမှ ရှောင်လွှဲနိုင်ရန် အတွက် စပါးစိုက်ခင်းများအတွင်းသို့ ရေစုပ်တင်နိုင်ရန် လောင်စာဆီဘောက်ချာများကို လုပ်ကွက်ငယ်လယ်သမားများထံ UNDP က ပံ့ပိုးပေးသည်။

UNDP ၏ ကြိုးပမ်းအားထုတ်မှုများဖြင့် ကျိုက်မရောမြို့နယ် နယ်မြေခံလူထု၏ သက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ပို၍တည်ငြိမ်စေမည်ဖြစ်ပြီး ယင်းအတွက် ပင်မလုပ်ငန်းစဉ် (၂) ရပ်မှာ ရေကြီးရေလျှံမှု ထိန်းသိမ်းရေးနည်းလမ်းအနေဖြင့် အန္တရာယ်ရှိမြစ်ကြောင်းများတွင် သောင်တူးဖော်ခြင်း နှင့် ကျွဲကူးရေပါ ‘လုပ်အားပေးဝင်ငွေရ အစီအမံ’ တို့ဖြစ်သည်။ ဖော်ထုတ် သတ်မှတ်ထားသောမြစ်ကြောင်းများ ပြုပြင်ရန်နှင့် သောင်တူးဖော်ရန်အတွက်လည်းကောင်း ၊ ပို၍စရိတ်နည်းအကျိုးများသော စိုက်ခင်းများဖြစ်စေရန် လယ်ယာခင်းများ၌ ရေသွင်းတူးမြောင်း ဖော်ရန်အတွက်လည်းကောင်း ကာယလုပ်အားပရိုဂရမ်သို့ လုပ်အားပေး ရွာသူရွာသားများအား စည်းရုံးခေါ်ငင်သည်။ ဤနည်းအားဖြင့် ၎င်းတို့၏ ဆုံးရှုံးမှုများ ထေမိစေရန်အတွက် ဘေးပေါက်အလုပ်သာမက သောက်သုံးရေစီမံခန့်ခွဲမှုနှင့်ရေသွင်းစနစ် တိုးတက်ပြောင်းလဲလာ စေမည့် ရေရှည်ဖြေရှင်းရေးနည်းလမ်းကိုပါ ပံ့ပိုးပေးရာရောက်သည်။


“ကျွန်တော်တို့စိုက်ခင်းထဲ ရေစုပ်တင်နိုင်အောင်UNDP က လောင်စာဆီ ပံ့ပိုးပေးတယ်ဗျ။ အစိုးရကပေးတဲ့ မြေဩဇာနဲ့ မျိုးစေ့တွေအတွက် အထောက်အကူဖြစ်တော့ ကျွန်တော်တို့ ဆုံးရှုံးသွားတာတွေအတွက် ကာမိစေတာပေါ့ဗျာ။” ကောကလောကျေးရွာမှ လယ်သမား ဦးစောအုန်းက ပြောသည်။




“ရေဘေးကြောင့် သီးနှံတွေ ပျက်စီးသွားပေမဲ့ ဒီဇယ်ဘောက်ချာတွေကြောင့် ကျွန်မရဲ့ ၇ ဧက လယ်ကွင်းကို ရေသွင်းစိုက်ပျိုးတဲ့နေရာမှာ အများကြီးအထောက်အကူရခဲ့တယ်လေ။ ကျွန်မအတွက် ၁ ဧက ကို ၄ ဂါလံရပြီး အိမ်နီးနားချင်းတွေအကူအညီနဲ့ စိုက်ခင်းထဲ ရေစုပ်တင်နိုင်ခဲ့တယ်ရှင့်။” ၂၀၁၈ မိုးရာသီရေဘေးကြောင့် သီးနှံအားလုံး ဆုံးရှုံးခဲ့ရသူ ကျိုက်မရောမြို့နယ် ဒေသခံ ဒေါ်ခင်ရီက ဆိုသည်။

ကျေးရွာများနှင့် နီးစပ်ရာစိုက်ခင်းများအတွင်း စီးဝင်သည့် ရေလမ်းကြောင်းအား ကူညီထိန်းသိမ်း ပေးနိုင်မည့် သောင်တူးဖော်ခြင်းကြောင့် ရပ်ရွာလူထုအနေဖြင့် နောင်လာမည့် ရေဘေးကို ရင်ဆိုင်နိုင်ရန် ပို၍ကောင်းမွန်စွာ ကြိုတင်ပြင်ဆင်နိုင်ကြပြီဖြစ်ကြောင်း ကြားဝင်ဆောင်ရွက် ပေးမှု ၂ ရပ်လုံးမှ အကျိုးကျေးဇူးရရှိသူ ဒေါ်ရီထွေးက ပြောသည်။

“အတိုင်းအတာသေးငယ်ပေမဲ့ ထိရောက်တဲ့ ဒီလိုဆောင်ရွက်ပေးမှုတွေကို ရေကြီးရေလျှံ ဖြစ်လေ့ ရှိတဲ့ အရပ်ဒေသအားလုံးမှာ အကောင်အထည်ဖော် ပေးဖို့လိုတယ်ဗျ။” မွန်ပြည်နယ် ကောကလောကျေးရွာမှ ဒေသခံလယ်သမား ဦးစောအုန်းက ဆိုသည်။


ဓါတ်ပုံ - ဆရီးနာ အာခုန်

နှစ်စဉ်ကျရောက်မြဲ သဘာဝဘေးဆိုးဖြစ်လာသည့် ရေကြီးရေလျှံမှုနှင့်မြေပြိုမှုကဲ့သို့ ဘေးအန္တရာယ်များအတွက် မြန်မာပြည်သူများအနေဖြင့် ကြိုတင်ပြင်ဆင်နိုင်ရေးနှင့် ထိထိရောက်ရောက် တုံ့ပြန်ဆောင်ရွက်နိုင်ရေး အထောက်အကူပေးရန်ဆိုပါက ကျွန်ုပ်တို့ အနေဖြင့် ဆောင်ရွက်ရန်များစွာ ကျန်ရှိနေပါသေးသည်။ ၂၀၁၉ ဩဂုတ်လတွင် မွန်ပြည်နယ်၌ ဆိုးဝါးစွာရေကြီးရေလျှံမှုနှင့် မိုးရေကြောင့် မြေပြိုမှုများဖြင့် ကြုံတွေ့ခဲ့ရာ လူ ၁၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရပြီး စိုက်ခင်းများ ၊ နေအိမ်များနှင့် ရပ်ရွာပိုင်အဆောက်အအုံများ အလွန်အကျွံ ထိခိုက်ပျက်စီးခဲ့သည်။

ဘေးအန္တရာယ်အလားအလာလျော့ချရေးနှင့် ပြန်လည်ထူထောင်ရေးကြိုးပမ်းမှုများ ခိုင်မာ အားကောင်းလာစေရေး မြန်မာနိုင်ငံတော်အစိုးရနှင့် လက်တွဲ၍ UNDP က ဆက်လက် လုပ်ဆောင်သွားမည်။ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်း အစစ်အမှန် ရေရှည် တည်တံ့ပြီး ကြံ့ကြံ့ခံနိုင်စွမ်းရှိစေရန်အတွက် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းရေးဆွဲမှု အဆင့်အားလုံး၌ ဘေးအန္တရာယ်စီမံခန့်ခွဲရေးနှင့် ရာသီဥတု ပြောင်းလဲမှု ဆင်ခြင်တွေးဆမှုများကို ထည့်သွင်း ပေါင်းစပ်ခြင်းအား ပံ့ပိုးရန်မှာ ကျွန်ုပ်တို့ လုပ်ငန်း၏ ဗဟိုချက်မှာ ဖြစ်သည်။

စီမံချက်နှင့်စပ်လျဉ်း၍

မွန်ပြည်နယ်အတွင်း ရေဘေးအလွန်ပြန်လည်ထူထောင်ရေးကြားဝင်ဆောင်ရွက်ပေးမှုများမှာ လူဇင်ဘတ်နိုင်ငံအစိုးရ၏ ပံ့ပိုးမှုဖြင့် ဆောင်ရွက်လျက်ရှိသော ကြံ့ကြံ့ခံနိုင်စွမ်းနှင့် ရေရှည် တည်တံ့နိုင်မှုဆိုင်ရာ အုပ်ချုပ်ရေးစီမံချက်၏ ကဏ္ဍခွဲ  "ကြံ့ကြံ့ခံစွမ်းအရင်းပြု ပြန်လည်ထူထောင် နိုင်စွမ်းပျိုးထောင်မှု" အစပျိုးလုပ်ဆောင်မှုအောက်ရှိ မွန်ပြည်နယ် ၊ ကျိုက်မရောမြို့နယ်ရှိ ရေဘေးသင့်ရပ်ရွာလူထုအတွက်  UNDP ၏ ကနဦး ပြန်လည်ထူထောင်ရေး အထောက်အပံ့ အစိတ်အပိုင်းတရပ်ဖြစ်သည်။ အားလုံးတန်းတူအကျုံးဝင်ပြီး ကြံ့ကြံ့ခံနိုင်စွမ်းရှိသော ပြန်လည် ထူထောင်ရေး အစီအစဉ်ရေးဆွဲရန်နှင့် စီမံခန့်ခွဲရန် စွမ်းဆောင်ရည်များ အားကောင်းသန်မာစေခြင်း ဖြင့် တိုင်းပြည်၏ကြံ့ကြံ့ခံနိုင်စွမ်းကို ပျိုးထောင်ပေးနိုင်ရန် ဤစီမံချက်က ရည်မှန်းပါသည်။ ကျိုက်မရောမြို့နယ်မှာ ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ် မိုးရာသီ ရေကြီးရေလျှံမှုဒဏ် အပြင်းအထန်ခံရသည့် မြို့နယ်များအနက် တခုအပါအဝင်ဖြစ်သည်။ ဤကြားဝင်ဆောင်ရွက်ပေးမှုမှာ ဘေးဒဏ်ခံ ရပ်ရွာ လူထု အထူးသဖြင့် တောင်သူများအနေဖြင့် ရေဘေးအကျိုးဆက်မှ ပြန်လည်ရုန်းထလာနိုင်စေရေး မြန်မာနိုင်ငံတော်အစိုးရက ဆောင်ရွက်ပေးသည့် ကနဦးပြန်လည်ထူထောင်ရေးလုပ်ငန်းများ နှင့် ပနံသင့်စေသည်။ UNDP ၏ ကနဦးပြန်လည်ထူထောင်ရေး ကြားဝင်ဆောင်ရွက်ပေးမှုများတွင်  ပျိုးပြန်ကြဲထားသည့် မျိုးစေ့များအား ရေသွင်းစိုက်ပျိုးရန်အတွက် လောင်စာဆီ ဘောက်ချာများ ဝေငှခြင်း ၊ မြစ်ကြမ်းပြင်တွင် နုန်းတင်ကျန်ရစ်ခဲ့သော အနည်အနှစ်များ နှင့် ရွှံနွံများ ရှင်းလင်းရန် အတွက် မြစ် ၄ စင်း၌ သောင်တူးဖော်ခြင်း ၊ လုပ်အားပေးဝင်ငွေရ လုပ်ငန်းများ ပါဝင်သည်။ အစိုးရ မဟုတ်သော ပြည်တွင်းအဖွဲ့အစည်းတခုဖြစ်သည့် လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း (CDA) မှာ UNDP ၏ လုပ်အားပေးဝင်ငွေရ အစီအမံ ဖော်ဆောင်ရေး လုပ်ငန်းမိတ်ဖက်ဖြစ်သည်။