ဒေါ်ကြည်ချမ်း - ရေးမြို့နယ်မှ တဦးတည်းသော အမျိုးသမီး ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး

2019- June 14

ကလေး ၃ ဦးမိခင် အသက် ၄၇ နှစ်အရွယ် ဒေါ်ကြည်ချမ်းမှာ ကော့လှိုင်းကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးမှူးဖြစ်သည်။ ရေးမြို့နယ်ရှိ တဦးတည်းသော အမျိုးသမီးအုပ်ချုပ်ရေးမှူးလည်း ဖြစ်ပြန်သည်။ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံရပြီး အုပ်ချုပ်ရေးမှူးတဦးအဖြစ် ၂၀၁၇ ဇူလိုင်လတွင် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။

“လူမှုရေးနှင့် ရပ်ရေးရွာရေးတွေ အများကြီးလုပ်ခဲ့တော့ ရပ်ရွာအသိုင်းအဝိုင်းမှာ ကျမကို လူကြိုက်များတယ်လေ။ ကျမယောက္ခမကလည်း အုပ်ချုပ်ရေးမှူးဖြစ်ခဲ့တယ်။ ကျမပြိုင်ဘက် စီးပွားရေးသမားက ငွေသုံးပြီး မဲဆွယ်ခဲ့ပေမဲ့ ဒီမဲဆန္ဒနယ်တွေက ကျမကိုပဲ မဲပေးခဲ့ကြတယ်။” ဟု ဒေါ်ကြည်ချမ်းကဆိုသည်။

ဒေါ်ကြည်ချမ်း၏ ရုံးခန်းကို တနင်္ဂနွေနေ့မှလွဲ၍ ကျန်ရက်အားလုံးတွင် ဖွင့်လှစ်ထားသည်။ ဆယ်/ရာအိမ်ခေါင်းများနှင့်အတူ ကွင်းဆင်းသွားရောက်ပြီး အများပြည်သူ၏ စောဒကတက်မှုများအား ကိုင်တွယ်ဖြေရှင်းသည်။ စောဒကတက်တိုင်ကြားမှု အများစုမျာ ငွေစုငွေချေး နှင့် ချေးငွေအဖွဲ့များနှင့် သက်ဆိုင်သည်။ နယ်မြေခံဈေးတခု တည်ဆောက်ရန် သူမက ကြံဆလျက်ရှိပြီး မီးဘေးကာကွယ်ရေးတွင် ကူညီရန် ကျေးရွာလူထုများအား ဦးဆောင်လျက်ရှိသည်မှာ သူမ၏အကြီးမားဆုံးအောင်မြင်မှုများပင်ဖြစ်သည်။

UNDP ၏ စွမ်းဆောင်ရည်လေ့ကျင့်ပျိုးထောင်ပေးခြင်းပရိုဂရမ်ကို ဒေါ်ကြည်ချမ်းက အကောင်းမြင်သည်။ “ကျမကိုတိုက်တွန်းအားပေးနေတယ်လို့ ခံစားရတယ်။ နောင်လာမဲ့ ရွေးကောက်ပွဲ ဒါမှမဟုတ် လွှတ်တော်တနေရာအတွက် ကျမဝင်ရောက်ယှဉ်ပြိုင်ဖို့ရာ စိတ်အားတက်ကြွစေပါတယ်။ ကျမအမျိုးသားက ကျမအပေါ်နားလည်ပေးပြီး အိမ်အလုပ်တွေမှာ ကူညီတာကစလို့ ကျမကို ပံ့ပိုးပေးပါတယ်။

အမျိုးသမီး ဆယ်အိမ်ခေါင်းတွေဆီ ကျမပါးချင်တဲ့ သတင်းစကားလား? အလုပ်ကြိုးစားကြစေချင်တယ်။ ၂၀၂၀ ကျေးရွာ/-အုပ်စု အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲမှာ သူတို့ အရွေးခံချင်ရင် ကျမနောက်ဆုတ်ပေးမယ်။ ဒါပေမဲ့ ကိုယ်စားလှယ်လောင်းတွေအကုန်လုံးက ယောကျ်ားသားတွေချည်းဆိုရင်တော့ ကျမနောက်မဆုတ်ဘဲ အနိုင်ရဖို့ ဆက်ပြီးတိုက်ပွဲဝင်မယ်။ နောင်အနာဂတ် ရေးမြို့နယ်မှာ ဒီထက်ပိုတဲ့ အမျိုးသမီးတွေ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဖြစ်လာကြဖို့ ဆန္ဒပြုပါတယ်။”

ဆက်နွယ်သည့် စီမံချက်

မြို့နယ် ဒီမိုကရေစီနည်းလမ်းကျ ဒေသန္တရအုပ်ချုပ်ရေး (TDLG)
မြို့နယ်နှစ်ပတ်လည် စီမံကိန်းနှင့်ရသုံးမှန်းခြေငွေစာရင်းရေးဆွဲခြင်းအပေါ် ဒေသခံလူအများ၏ ဩဇာသက်ရောက်စေရေး လွှတ်တော်အဖွဲ့ဝင်များ ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်မှူးများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ဖြစ်ကြသည့် ရွေးကောက်ခံကိုယ်စားလှယ်များထံမှတဆင့် ပြောရေးဆိုခွင့်ပေးခြင်းဖြင့် ဒီမိုကရေစီနည်းလမ်းကျဒေသန္တရအုပ်ချုပ်ရေးကို စီမံချက်က တက်ကြွစွာ ပံ့ပိုးပေးလျက်ရှိသည်။ မြန်မာနိုင်ငံအစိုးရအနေဖြင့် ဗဟိုဦးစီးစနစ်လျော့ချရေး လုပ်ငန်းအစီအစဉ်အား ရှေ့တိုးဆောင်ရွက်နိုင်ရန် ဒီမိုကရေစီနည်းကျဒေသန္တရအုပ်ချုပ်ရေး ဝါဒမူဘောင်ရေးဆွဲရာတွင် စီမံချက်က တတပ်တအား ပါဝင်အားဖြည့်ပေးလျက်ရှိသည်။