အပြည်ပြည်ဆိုင်ရာ လိင်တူခြင်း ချစ်ခြင်းနှင့် ဆန့်ကျင်ဖက်လိင်ကဲ့သို့ ပြုမှုနေထိုင်ခြင်းများအား မုန်းတီးခြင်းကို ဆန့်ကျင်သောနေ့

2019- May 16

ကုလသမဂ္ဂဖွံဖြိုးရေးအစီအစဉ် အုပ်ချုပ်ရေးမှူး76

လူသားတိုင်းဟာ လူ့ဂုဏ်သိက္ခာတွေ လူ့အခွင့်အရေးတွေနဲ့အညီ လွတ်လပ်စွာနဲ့ ညီတူညီ မျှမွေးဖွားလာခဲ့ကြပါတယ်။ ဒါပေမယ့် လိင်တူခြင်းချစ်သူတွေနဲ့ ဆန့်ကျင်ဘက်လိင်ကဲ့သို့ ပြုမှုနေထိုင်သူ (LGBTI)တွေ အပေါ် ခွဲခြားဆက်ဆံနေတဲ့ ဥပဒေတွေ၊ မူဝါဒတွေနဲ့ အလေ့အထတွေဟာ ကမ္ဘာကြီးရဲ့ နေရာအနှံ့အပြားမှာ ရှိနေဆဲပဲ ဖြစ်ပါတယ်။ အချို့နိုင်ငံတွေမှာဆိုရင် နှစ်ပေါင်းအနည်းငယ်ကြာအာင် မရှိတော့သည့်တိုင် ယနေ့ခေတ်မှာ အဲ့ဒီကြောက်စိတ်တွေရယ် အဲ့လိုကန့်သတ်ချုပ်နှောင်တဲ့ ဥပဒေတွေ မူဝါဒတွေ ပြန်ပေါ်လာတာကို တွေ့ရပါတယ်။

အဲ့ဒါကြောင့် ကျွန်တော်တို့ဟာ LGBTI တွေရဲ့ လူ့အခွင့်အရေးတွေကို လူတွေသိလာအောင် လုပ်ဖို့ အတွက် အပြည်ပြည်ဆိုင်ရာ လိင်တူခြင်း ချစ်ခြင်းနှင့် ဆန့်ကျင်ဖက်လိင်ကဲ့သို့ ပြုမှုနေထိုင်ခြင်းများအား မုန်းတီးခြင်းကို ဆန့်ကျင်သောနေ့ (IDAHOT) ကို ကျင်းပတာဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ မတူကွဲပြားမှုတွေကို ကျင်းပခွင့် ရတဲ့ အခွင့်အလမ်းတစ်ခုပဲ ဖြစ်ပါတယ်။

ဒီမေလ (၁၇)ရက်နေ့မှာ ကျရောက်တဲ့ IDAHOTနေ့ဟာ အားလုံးအတွက် တရားမျှတမှုနဲ့ အကာအကွယ်ပေးမှုအတွက် ရည်ရွယ်ပါတယ်။ တရားမျှတမှုနဲ့ အကာအကွယ်ပေးမှုဟာ ၂၀၃၀ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး အခင်းအကျင်းနဲ့ စဉ်ဆက်မပြတ်ဖွံံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် (၁၇)ခုကို တိုးတက်မှုတွေ ဖြစ်စေမယ့် အဓိက မောင်းနှင်အားများလည်း ဖြစ်ပါတယ်။ ခွဲခြားဆက်ဆံမှုမရှိတဲ့ ဥပဒေနဲ့ မူဝါဒတွေ ပြဌာန်းလုပ်ဆောင် အသက်သွင်းတာတွေ၊ လူတွေကို လူသားမဆန်စွာ ပြစ်ဒဏ်ပေးတဲ့ ဥပဒေတွေကို ဖျက်သိမ်းမှုတွေနဲ့ အားလုံး အတွက် တရားမျှတမှုနဲ့ ထိတွေ့ခွင့်ရအောင် လုပ်ဆောင်ပေးတာတွေဟာ ကုလသမဂ္ဂက စံထားတဲ့ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ချန်လှပ်ထားခြင်းမပြုပါ ဆိုတဲ့ မူအပေါ်ကို အခြေခံထားတာပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ဆယ်စုနှစ်တွေအတွင်းမှာ LGBTIတွေရဲ့ တရားမျှတမှုနဲ့ အကာအကွယ်ပေးမှုအတွက် တစ်ကမ္ဘာလုံး သိသိသာသာ လုပ်ဆောင်လာတာတွေကို တွေ့ရပါတယ်။ ဥပမာဆိုရရင် လွန်ခဲ့တဲ့နှစ်က အိန္ဒိယနိုင်ငံတရားလွှတ်တော်ဟာ အရွယ်ရောက်ပြီးတဲ့ ဘယ်သူမဆို နှစ်ဦးသဘောတူညီမှုအပေါ် အခြေခံတဲ့ လိင်ဆက်ဆံမှုဟာ တရားဝင် တယ်လို့ ကြေညာခဲ့ပြီး လိင်တူဆက်ဆံရေးကိုလည်း ရာဇဝတ်မှုအဖြစ် သတ်မှတ်ခြင်းကနေ ထိထိရောက်ရောက် ဖျက်သိမ်းခဲ့ပါတယ်။ အန်ဂိုလာမှာ လိင်တူချစ်ကြိုက်မှုကို ကန့်သတ်ထားတဲ့ ဥပဒေပြဌာန်းချက်တွေကို ဖျက်သိမ်းခဲ့ပြီး လိင်တိမ်းညွတ်မှုအပေါ် အခြေခံတဲ့ ခွဲခြားဆက်ဆံမှုတွေကို တားမြစ်ခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံမှာ လိင်ပြောင်းထားသူတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးမယ့် ဥပဒေကို ပြဌာန်းခဲ့ပြီး ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ်နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ ကူညီထောက်ပံ့မှုနဲ့ လိင်ပြောင်းသူတွေရဲ့ လူမှုဖူလုံရေးနဲ့ ပတ်သက်တဲ့ မူဝါဒတွေကို ချမှတ်လုပ်ဆောင်ခဲ့ပါတယ်။ အဲ့ဒီလို တိုးတက်မှုဖြစ်စဉ်တွေကို ကြိုဆိုရမှုာ ဖြစ်ပြီး အားလုံးအတွက် တရားမျှတမှုနဲ့ အကာအကွယ်ပေးမှုတွေကို သေချာစေဖို့အတွက်လည်း ဆက်လက်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ကျွန်တော် အခုပြောမယ့်အရာတွေကို စဉ်းစားကြည့်ရအောင်

•          နှစ်ဦးနှစ်ဖက်သဘောတူညီမှုကို အခြေခံတဲ့ အရွယ်ရောက်ပြီး လိင်တူချစ်ကြိုက်မှုကို ကမ္ဘာပေါ်က နိုင်ငံ (၇၂)နိုင်ငံမှာ ရာဇဝတ်မှုအနေနဲ့ ဥပဒေအရ ကန့်သတ်ထားဆဲဖြစ်ပါတယ်။

  • ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံ (၆၃)နိုင်ငံကပဲ LGBTIတွေကို အကာအကွယ်ပေးမှုအတွက် လိုအပ်တဲ့ ၊ ခွဲခြားဆက်ဆံမှုတွေကို တိုက်ဖျက်တဲ့ ဥပဒေတွေကို ပြဌာန်းထားပါတယ်။

  • ကမ္ဘာပေါ်မှာ ရှိတဲ့ နိုင်ငံ (၂)နိုင်ငံကပဲ လိင်(၂)ခုပါရှိတဲ့ ကလေးတွေအပေါ် မလိုအပ်တဲ့ ဆေးပညာဆိုင်ရာ ခွဲစိတ်ကုသမှုတွေကို တားမြစ်ထားပါတယ်။

ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတော်တော်များများမှာ ကျားမရေးရာတွေ လိင်သဘာဝ ကွဲပြားတာတွေနဲ့ ပတ်သက်လာတဲ့ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့်တွေ၊ လွတ်လပ်စွာ ပြောဆိုခွင့်တွေဟာ ကန့်သတ်ခံထားရဆဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် LGBTIတွေအတွက် တရားမျှတမှုနဲ့ အကာအကွယ်ပေးမှုတွေကို သေသေချာချာ လုပ်ကိုင်မယ့် ဥပဒေရေးရာနဲ့ မူဝါဒပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေဟာ အင်မတန်လိုအပ်ပါတယ်။

LGBTIတွေအပေါ် ခွဲခြားဆက်ဆံမှုနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ တွဲဖက်ထုတ်ပြန်ချက်မှာ ပါဝင်လက်မှတ်ထိုးထားတဲ့ အဖွဲ့အစည်း တစ်ခုအနေနဲ့ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်ဟာ LGBTIတွေအပေါ် ဖယ်ကြဉ်မှု၊ ခွဲခြားဆက်ဆံမှုနဲ့ အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့ ဦးစီးလုပ်ဆောင်မှုတွေကို အားလုံးပါဝင်နိုင်တဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကနေတစ်ဆင့် မြှင့်တင်ဆောင်ရွက်သွားဖို့ကို နိုင်ငံတွေကို ထောက်ပံ့အားပေးလျက်ရှိပါတယ်။ လက်ရှိမှာ ကုလသမဂ္ဂဖွံံ့ဖြိုးရေး အစီအစဉ်ဟာ အစိုးရတွေ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းတွေ၊ ပုဂ္ဂလိကမိတ်ဖက်အဖွဲ့အစည်းနဲ့ ပညာရပ်ဆိုင်ရာနယ်ပယ်တွေနဲ့ အနီးကပ်ပူးပေါင်းလုပ်ဆောင် ပြီး တစ်ကမ္ဘာလုံးက LGBTI တွေ ဘက်ပေါင်းစုံမှာ ပါဝင်လာနိုင်ရေးနဲ့ အခွင့်အရေးတွေ ရရှိလာဖို့အတွက် နိုင်ငံပေါင်း (၅၃)နိုင်ငံကို ထောက်ပံ့အားပေးလျက် ရှိပါတယ်။ အသိပညာ ဗဟုသုတတွေ ကျယ်ပြန့်မြှင့်တင်နိုင်ရေးနဲ့ ကျစ်လျစ်ခိုင်မာတဲ့ ဖြေရှင်းဆောင်ရွက်မှုတွေကို ရှာဖွေဖော်ထုတ်ခြင်းဟာ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်ရဲ့ အဓိကလုပ်ဆောင်ချက်တွေပဲ ဖြစ်ပါတယ်။

လိင်တူခြင်း ချစ်ခြင်းနဲ့ ဆန့်ကျင်ဖက်လိင်ကဲ့သို့ ပြုမှုနေထိုင်ခြင်းများအား မုန်းတီးခြင်းကို ဆန့်ကျင်ကြတဲ့ လူတွေရဲ့ အသံကို မြှင့်တင်ပေးခြင်းဟာ လူ့ဂုဏ်သိက္ခာလေးစားမှုတွေ၊ လူ့အခွင့်အရေးတောင်းဆိုမှုတွေအတွက် အင်တိုက်အားတိုက် လုပ်ဆောင်မှုကို သေချာစေမယ့် အခွင့်အလမ်းတွေပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အားလုံးအတွက် တရားမျှမှုနဲ့ အကာအကွယ်ပေးမှုတွေနဲ့ ပတ်သက်ပြီး လုပ်ပိုင်ခွင့်အာဏာတွေကို အသုံးချပြီး ဘယ်သူတစ်ဦးတစ်ယောက်မှ နောက်မှာ မကျန်ခဲ့အောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။