အူရီဒူးမြန်မာနှင့် UNDP တို့မှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနများကို တောင်သူလယ်သမားများ အတွက် မိုဘိုင်းနည်းပညာကိုအသုံးပြုပြီး အသိပညာဖြန့်ဝေပေးနိုင်ရန် အိုင်တီပစ္စည်းများဖြင့် ပံ့ပိုး

2020- September 4

အူရီဒူးမြန်မာနှင့် UNDP တို့မှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် 
ဆည်မြောင်းဝန်ကြီးဌာန နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနများကို
တောင်သူလယ်သမားများ အတွက် မိုဘိုင်းနည်းပညာကိုအသုံးပြုပြီး
အသိပညာဖြန့်ဝေပေးနိုင်ရန် အိုင်တီပစ္စည်းများဖြင့် ပံ့ပိုး


အူရီဒူးမြန်မာနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP)တို့မှ  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာနမှ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတို့ကို  တောင်သူ လယ်သမားများအတွက် မိုဘိုင်းနည်းပညာကိုအသုံးပြုပြီး အသိပညာဖြန့်ဝေပေးနိုင်ရန် လိုအပ်သည့် ‌အိုင်တီပစ္စည်းများကို ပံ့ပိုးပေးအပ် ခဲ့ပါသည်။   

ကွန်ပျူတာများ၊ လက်ပ်တော့များ၊ ပရိုဂျက်တာများ၊ တက်ဘလတ်များ၊ ကင်မရာများ၊ ပရင်တာများ၊ အသံဖမ်းစက်များ၊ အားဖြည့်သွင်းအသုံးပြုနိုင်ပြီး သယ်ဆောင်နို်ငသည့် အသံချဲ့စက်အပါအဝင် အိုင်တီပစ္စည်း ၅၀ ခန့်ကို ရေရှည်တည်တံ့သောစီးပွားရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (SEAD) ၏ လုပ်ငန်းစဉ်တစ်ရပ်အနေဖြင့် ပံ့ပိုးပေးခဲ့ခြင်းဖြစ်ပါသည်။

SEAD စီမံကိန်းသည် မြန်မာနိုင်ငံအပူပိုင်းဒေသတွင် ရေရှည်တည်တံ့ခိုင်မြဲသည့် ကျေးလက်‌‌ဒေသဖွံ့ဖြိုး တိုးတက်‌ရေး စံပြပုံစံတစ်ခုတည်ဆောက်ရန် အူရီဒူး၏အဆင့်မြင့်မိုဘိုင်းနည်းပညာနှင့် UNDP ၏ ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသော လယ်ယာစိုက်ပျိုးရေးနည်းစနစ် အတွေ့အကြုံများကို ပေါင်းစပ်ဖော်ဆောင် နိုင်ရန်အတွက် ရည်ရွယ်ပါသည်။

အဆိုပါ စက်ကိရိယာများကို  တောင်သူလယ်သမားများနှင့် မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေသူများမှ မိမိတို့၏ အသက်မွေးမှုနယ်ပယ်အသီးသီးတွင် အသုံးဝင်စေမည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးဆိုင်ရာ အကြံပြုချက်များနှင့် အချိန်နှင့်တပြေးညီ မိုးဇလသတင်းများကို ရရှိနိုင်ရန်အတွက် မိုဘိုင်းသုံး အက်ပလီကေးရှင်းနှင့် ဒစ်ဂျစ်တယ်ချန်နယ်လ်များကိုအသုံးပြုပြီး ဖန်တီးဖြန့်ဝေပေးရန်အတွက် အသုံးပြုမည် ဖြစ်ပါသည်။

အူရီဒူးမြန်မာ၏ Head of Corporate Communications ဖြစ်သူ  ဦးတင့်နိုင်ထွဋ်က “အူရီဒူးမြန်မာရဲ့ ပြည်သူတို့၏ဒစ်ဂျစ်တယ်ဘဝများ ပြည့်စုံကောင်းမွန်စေမည် ဆိုတဲ့ ရည်မှန်းချက်နဲ့အညီ ရေရှည်တည်တံ့သော စီးပွားရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (SEAD) ကို UNDP နှင့် ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ စီမံကိန်းစတင်သည့်အချိန်မှစပြီး ရည်ရွယ်ထားရှိတဲ့ ရေရှည်တည်တံ့ ခိုင်မြဲသော ကျေးလက်‌‌ဒေသဖွံ့ဖြိုးတိုးတက်‌ရေးစံပြပုံစံတစ်ခု အကောင်အထည်ပေါ်လာစေရန် ကနဦး‌‌ခြေလှမ်းများ ပုံဖော်ဆောင်ရွက်နေခဲ့ပါတယ်။  သက်ဆိုင်ရာ အစိုးရဌာနအသီးသီးကို အိုင်တီပစ္စည်းများ ပံ့ပိုးပေးခြင်းဖြင့် တောင်သူလယ်သမားတွေအတွက် မိုဘိုင်းနည်းပညာကိုသုံးပြီး အသိပညာဖြန့်ဝေပေး နိုင်ရန်နှင့်  ခေတ်သစ်ဒစ်ဂျစ်တယ်လမ်းကြောင်းနှင့်အညီ အသိပညာဗဟုသုတနှင့် စွမ်းဆောင်ရည်များကို မြှင့်တင်ပေးနိုင်ရန် မျှော်လင့်ပါတယ်။” ဟု ပြောကြားလိုက်သည်။

တောင်သူလယ်သမားများအနေဖြင့် လယ်စိုက်ရာသီတစ်လျှောက် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသော လယ်ယာစိုက်ပျိုးရေးနည်းပညာ အတွေ့အကြုံများနှင့်အတူ ကောင်းမွန်သည့် စိုက်ပျိုးရေးနည်းစနစ်များ၊ မွေးမြူ‌ရေးနည်းစနစ်များနှင့် အချိန်နှင့်တပြေးညီ ရာသီဥတုခန့်မှန်းချက်များကို သိရှိနိုင်မည်ဖြစ်ပါသည်။ လေ့ကျင့်ရေးဆိုင်ရာ အထောက်အကူပြု နည်းလမ်းများကို Webinar များ၊ Podcast များဖြင့် လည်းကောင်း၊ လက်တွေ့သရုပ်ပြဗီဒီယိုများကို YouTube ပေါ်တွင်လည်းကောင်း၊ လူမှုကွန်ယက်များမှတစ်ဆင့်သော် လည်းကောင်း ကြည့်ရှုနိုင်အောင် ဖြန့်ဝေပေးမည်ဖြစ်ပါသည်။

COVID-19 ကာလအတွင်း တောင်သူလယ်သမားများအပေါ် သက်ရောက်မှုကို နားလည်နိုင်ရန် စီမံကိန်းဆောင်ရွက်နေသည့် နေရာဒေသများတွင် စမ်းစစ်ချက်များကို ပြုလုပ်ဆောင်ရွက်ခဲ့ပြီး ၎င်းတို့အတွက် အမှန်တကယ်လိုအပ်မည့် ပံ့ပိုးမှုနှင့်အကြံပြုချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ၎င်းစမ်းစစ်မှုမှ လေ့လာတွေ့ရှိချက်များကို အွန်လိုင်းမှတဆင့်ပေးအပ်မည့် အကြံပြုချက်များဖန်တီးရာတွင် ပေါင်းစပ် ဖော်ဆောင်လျက်ရှိပါသည်။ အဆိုပါစီမံကိန်းသည် COVID-19 သက်ရောက်မှုဒဏ်ကိုခံစားရသည့် တောင်သူလယ်သမားများအတွက် မရှိမဖြစ်လိုအပ်သည့် စိုက်ပျိုးရေးဆိုင်ရာပံ့ပိုးမှုများကိုလည်း ပေးအပ်လျက် ရှိပါသည်။

“ဒီစီမံကိန်းဟာဆိုရင် ကျေးလက်ဒေသနေ တောင်သူလယ်သမားတွေအတွက် အရည်အသွေးမြင့် အကြံပြုချက်တွေနဲ့ ထိရောက်တဲ့နည်းလမ်းတွေကို မိမိတို့ရဲ့ မိုဘိုင်းဖုန်းတွေကနေ အချိန်နှင့်တပြေးညီ ကြည့်ရှုလို့ရအောင် ဖန်တီးဆောင်ရွက်ပေးလျက်ရှိပါတယ်။ COVID-19 ကာလတွင်း တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်းနှင့် အိမ်တွင်နေထိုင်ဖို့လိုအပ်ချက်တွေကြောင့် အနီးကပ်လေ့ကျင့်သင်ကြားမှုတွေက သိပ်မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့် အခုချိန်မှာဆိုရင် နည်းပညာသစ်က ယခင်ထက်တောင်ပိုပြီး အရေးပါလာပါတယ်။ ယခုအသုံးပြုမယ့် အွန်လိုင်းအက်ပလီကေးရှင်းကြောင့် တောင်သူလယ်သမားတွေဟာ အကြံပြုချက်တွေနဲ့ နည်းလမ်းကောင်းတွေကို  မိမိတို့ရဲ့နေအိမ်နှင့် လယ်ကွက်များထဲမှာပင် ကိုယ်တိုင်လေ့လာနိုင်မှာ ဖြစ်ပါတယ်။” ဟု  Mr. Biplove Choudhary, Chief of the Sustainable and Inclusive Growth Unit, UNDP မှ ပြောကြားပါသည်။ ဆက်လက်၍ “ကျွန်တော်တို့အနေနဲ့ အစိုးရနှင့်ပူးပေါင်းပြီး အထူးသဖြင့်  စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့နှင့်အတူ ကျေးလက်ဒေသမှာရှိတဲ့ တောင်သူလယ်သမားတွေ၊ မွေးမြူရေးသမားတွေနဲ့ တံငါသည်တွေအပေါ် COVID-19 ရဲ့ သက်ရောက်မှုတွေကို တုံ့ပြန်ကာ ပံ့ပိုးဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားလိုက်ပါသည်။

နောက်ထပ် တစ်ဆင့်အနေဖြင့် သက်ဆိုင်ရာအစိုးရဌာနအသီးသီးမှ ဝန်ထမ်းများကို အကြံပေးချက်များ ဖန်တီးခြင်းနှင့် ဒီဇိုင်းပိုင်းအပါအဝင် ဆော့ဖ်ဝဲအသုံးပြုခြင်းနှင့်စီမံခန့်ခွဲမှု ၊ webinar များနှင့် အွန်လိုင်းလေ့ကျင့်ခြင်းအစီအစဉ်များ ဆောင်ရွက်ခြင်း အစရှိတာတွေကို လေ့ကျင့်ပေးသွားမှာဖြစ်ပါတယ်။ သက်ဆိုင်ရာ ပစ္စည်းကိရိယာများအားပြုပြင်ထိန်းသိမ်းခြင်းများကိုပါ သင်ကြားပြသပေးမည် ဖြစ်ပါသည်။

အဆိုပါစီမံကိန်းသည် ‌ရေရှည်တည်တံ့ခိုင်မြဲသော လယ်ယာစိုက်ပျိုးရေးအတွက် ရောင်းလိုအားနှင့် ၀ယ်လိုအား ကိုမျှတစေရန် ကူညီပေးနိုင်မည်ဖြစ်ပြီး  လယ်စိုက်တောင်သူများကို ဈေးကွက်ချိတ်ဆက်ခြင်းနှင့်  မိုဘိုင်းငွေကြေးသုံးစွဲမှုနှင့်တကွ ကူညီပေးနိုင်မည်ဖြစ်ပါသည်။ အဆိုပါစီမံကိန်းကြောင့် မြန်မာနိုင်ငံအပူပိုင်း ဒေသရှိ ကျေးရွာပေါင်း ၁၃၀ မှ အကျိုးကျေးဇူးများ ရရှိခံစားနိုင်မည်ဖြစ်ပြီး တောင်သူလယ်သမားများ၏ အသက်မွေးမှုလုပ်ငန်းများကို တိုးတက်မြင့်မားလာစေနိုင်မည် ဖြစ်ပါသည်။

အသေးစိတ်အချက်အလက်များအတွက် အောက်ပါလိပ်စာသို့ ဆက်သွယ်ရန်

အူရီဒူးပြန်ကြားရေးအဖွဲ့

+ ၉၅ ၉၉၇၃၃၃၃၃၂၂

czar@ooredoo.com.mm

ယူအင်ဒီပီ ပြန်ကြားရေးအဖွဲ့

+၉၅ ၉၄၅၀၀ ၅၇၇၃၀

si.thu.soe.moe@undp.org

အူရီဒူးမြန်မာအကြောင်း

အူရီဒူးမြန်မာသည် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ဝန်ဆောင်မှုများပေးအပ်ရန် ၂၀၁၃ ခုနှစ် ဇွန်လတွင် လိုင်စင်ရရှိခဲ့ပါသည်။ အူရီဒူးမြန်မာသည် “ပြည်သူတို့၏ဒစ်ဂျစ်တယ်ဘဝများ ပြည့်စုံကောင်းမွန်စေမည်” ဆိုသည့် ရည်မှန်းချက်နှင့်အတူ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးအပ်ရာ၌ ဦးဆောင်လျှက်ရှိနေပါသည်။ အူရီဒူးမြန်မာသည် လက်ရှိတွင် တစ်ဦးချင်းအသုံးပြုသူများ အတွက်သာမက စီးပွားရေးလုပ်ငန်းများ၊ အစိုးရဌာနများ နှင့် အသေးစားနှင့်အလတ်စား လုပ်ငန်းများအတွက်လည်း လုပ်ငန်းများ တိုးတက်ကောင်းမွန်စွာ လုပ်ဆောင်နိုင်စေရန် ဝန်ဆောင်မှုများစွာ ပေးအပ်လျက်ရှိပါသည်။ အဆိုပါ ဝန်ဆောင်မှုများသည်

လူမှုဘ၀ဖွံ့ဖြိုးရေး နှင့် လုပ်ပိုင်ခွင့် အခွင့်အလမ်းများ ရရှိရေးတို့ကို ဦးတည်၍ ဝန်ဆောင်မှု ပေးထား သဖြင့် ပြည်သူများအား လုပ်ဆောင်နိုင်စွမ်းများကို မြှင့်တင်ပေးခြင်း နှင့် စီးပွားရေးလုပ်ငန်းများကို ပိုမိုချောမွေ့စွာ လုပ်ဆောင်နိုင်မှာ ဖြစ်ပါသည်။ အူရီဒူးမြန်မာသည် ၎င်း၏ထုတ်ကုန်များ၊ ဝန်ဆောင်မှုများနှင့် လူမှုအကျိုးပြုလုပ်ငန်းများမှတဆင့် ပြည်သူများ၏ဘဝကို တောက်ပ ကောင်းမွန်စေရန် လုပ်ဆောင်ပေးသွားမည်ဖြစ်ပါသည်။

အူရီဒူးဝဘ်ဆိုဒ် - www.ooredoo.com.mm

Instagram: @ooredoomyanmar

Facebook: www.facebook.com/OoredooMyanmar

LinkedIn: www.linkedin.com/company/ooredoomyanmar

UNDP အကြောင်း

UNDP သည် နိုင်ငံပေါင်း (၁၇၀) ကျော်တွင် လုပ်ငန်းများ လုပ်ဆောင်နေပြီး၊ ကမ္ဘာလုံးဆိုင်ရာ ခြုံငုံအမြင်နှင့် ဒေသအလိုက် ထိုးထွင်းအမြင်တို့ကိုလည်းကောင်း၊ နည်းပညာအကူအညီ၊ မူဝါဒ အကြံပြုချက်နှင့် ဖွံ့ဖြိုးရေး အထောက်အပံ့ဆိုင်ရာ ဝန်ဆောင်မှုများကို လည်းကောင်း ထောက်ပံ့ပေးနေသည်။ ယူအင်ဒီပီ၏ ရည်ရွယ်ချက်မှာ အလွန်အမင်းဆင်းရဲမွဲတေမှုကို အဆုံးသတ် ရေး၊ မမျှတမှုများကို လျှော့ချရေးနှင့် ၂၀၃၀ ပြည့်နှစ် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်၏ ရည်မှန်းချက်ပန်းတိုင်များသို့ ရောက်ရှိစေရေး အတွက် နိုင်ငံများအား ကူညီပေးရန်ဖြစ်သည်။

ယူအင်ဒီပီသည် မြန်မာနိုင်ငံတွင် ၁၉၅၀ ပြည့်နှစ်လွန်နှစ်များမှစ၍ မြန်မာနိုင်ငံ ပြည်သူများအတွက် ဖွံဖြိုးရေးအကူအညီများ ထောက်ပံ့နေခဲ့သည်။ ယနေ့မြန်မာနိုင်ငံရှိ ယူအင်ဒီပီသည် ကမ္ဘာလုံးဆိုင်ရာ အကောင်းဆုံးလုပ်ထုံးများ၊ နိုင်ငံတကာစံချိန်စံညွှန်းများကို ယူဆောင်လာပြီး၊ မိတ်ဖက်အဖွဲ့များ၊ UN စနစ်၊ မြန်မာနိုင်ငံ အစိုးရနှင့် ပြည်သူများနှင့် ပူးတွဲလုပ်​ဆောင်ခြင်းဖြင့် ၂၀၃၀ ပြည့်နှစ် ရေရှည် ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်အား အောင်မြင်ရရှိစေရေးနှင့် ရေရှည်တည်တံ့ပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးရေးပန်းတိုင်များအား အကောင်အထည်ဖော်ရေး အတွက်လည်းကောင်း၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေး၊ လူမှုစီးပွားနှင့် ပတ်ဝန်းကျင်ဆိုင်ရာဦးစားပေးလုပ်ငန်းများအားလုံးတွင် ၂၀၃၀ ပြည့်နှစ် အစီအစဉ်ကို ပေါင်းစပ်ထည့်သွင်း၍ စုစည်းညီညွတ်စွာဖြင့် ဆောင်ရွက်နိုင်ရေးအတွက်လည်းကောင်း ကူညီပေးရန် ကတိကဝတ်ပြုထားပါသည်။

Facebook: www.facebook.com/UNDPMyanmar

Twitter: www.twitter.com/UNDP_Myanmar

Website: www.mm.undp.org