အူရီဒူးမြန်မာနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့ ပူးပေါင်း၍ Hackathon နည်းပညာဆိုင်ရာ ပြိုင်ပွဲကို ပြုလုပ်ကျင်းပမည်

2019- September 17

မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်နည်းပညာပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်တွင် လူငယ်များအား ဖိတ်ခေါ်ခြင်း


ရန်ကုန်၊ မြန်မာ - အူရီဒူးမြန်မာနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP Myanmar) တို့သည် ၎င်းတို့၏ ဒုတိယအကြိမ်မြောက် The Hackathon နည်းပညာဆိုင်ရာ ပြိုင်ပွဲအား Impact Hub နှင့် ပူးပေါင်း၍ ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် အောက်တိုဘာလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် လျှောက်လှမ်းရာတွင် နေ့စဉ် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများအား ပြေလည်စေနိုင်မည့် လက်တွေ့ကျသော ဖြေရှင်းချက်များအား ဒီဂျစ်တယ် နည်းပညာပိုင်းဆိုင်ရာ တီထွင်ဖန်တီးနိုင်မှုစွမ်းရည်နှင့် စွန့်ဦးတီထွင်မှုစွမ်းရည်များအား အသုံးပြု၍ ဖန်တီးနိုင်သည့် မြန်မာနိုင်ငံရှိ လူငယ်လူရွယ်များအား အသိအမှတ်ပြု ကူညီထောက်ပံ့ပေးရန် ရည်ရွယ်ချက်ဖြင့် The Hackathon 2019 အား ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။ ယခုနှစ်တွင် The Hackathon 2019 သည် မြန်မာနိုင်ငံမှ စွန့်ဦးတီထွင်သူများ၊ လူငယ်များနှင့် start ups များအား ၁) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍ ၂) ပညာရေး ကဏ္ဍ နှင့်  ၃) ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ကဏ္ဍ ဟူသည့် ကဏ္ဍ ၃ ရပ်အတွက် ဒီဂျစ်တယ်နည်းပညာပိုင်းဆိုင်ရာ ဖြေရှင်းချက်များအား ဖန်တီးရန် ဖိတ်ခေါ်ခဲ့သည်။

ကွန်ပြူတာ ပရိုပရမ် ရေးဆွဲခြင်း၊ ဒီဇိုင်း၊ ဆက်သွယ်ရေး၊ လူမှုဖူလုံရေးနှင့် ထိရောက်သော ဖြေရှင်းချက်များအား ဖန်တီးအဖြေရှာလိုသော မည်သူမဆို The Hackathon 2019 နည်းပညာဆိုင်ရာ ပြိုင်ပွဲတွင် ပါဝင်နိုင်မည် ဖြစ်သည်။ ၎င်းတို့၏ အတွေ့အကြုံများအပေါ် မူတည်၍ ပြိုင်ပွဲဝင်များအား အငယ်တန်းအဆင့်နှင့် ပညာရှင် အဆင့်ဟူ၍ သတ်မှတ်ပိုင်းခြားပေးသွားမည် ဖြစ်သည်။ အဆင့်တစ်ခုချင်းစီမှ အနိုင်ရရှိသည့် အဖွဲ့ ၃ ဖွဲ့သည် ၎င်းတို့၏ စီမံကိန်းများအား ဆက်လက်လုပ်ကိုင်ရန် ငွေကြေးထောက်ပံ့မှုများအပြင် အူရီဒူးနှင့် UNDP တို့မှ ပူးပေါင်းပြုလုပ်သွားမည့် ဖွံဖြိုးတိုးတက်မှု သင်တန်းကိုလည်း တက်ရောက်သင်ယူခွင့် ရရှိသွားမည် ဖြစ်သည်။

“မြန်မာနိုင်ငံရဲ့ ဒီဂျစ်တယ်နည်းပညာပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်မှာ ပါဝင်ကူညီနိုင်ပြီး တစ်ချိန်တည်းမှာပဲ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ချမှတ်ထားတဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင် တွေကိုလည်း လိုက်နာဆောင်ရွက်ဖို့အတွက် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်  ပါတယ်။ UNDP နဲ့ပူးပေါင်းပြီး  မနှစ်က ကျင်းပပြုလုပ်ခဲ့တဲ့ Hackathon ပြိုင်ပွဲဟာ အောင်မြင်မှုများစွာ ရရှိခဲ့တဲ့အတွက် အခုနှစ် ပြိုင်ပွဲအတွက်ကိုလည်း အရမ်းကို စိတ်လှုပ်ရှားနေမိပါတယ်။ မနှစ်က အနိုင်ရရှိသွားတဲ့ ပြိုင်ပွဲဝင်တွေ လိုပဲ ဆန်းသစ်ပြီး ထိရောက်တဲ့ အတွေးအခေါ်တွေကို မြင်တွေ့ရမယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။” ဟု အူရီဒူးမြန်မာ၏ CEO Mr. Rajeev Sethi ကပြောကြားသည်။

‘The Hackathon နည်းပညာပြိုင်ပွဲဟာ မြန်မာနိုင်ငံက အထူးချွန်ဆုံးနဲ့ အထက်မြက်ဆုံး လူတွေကို ရှာဖွေဖော်ထုတ်ပြီး ပိုမိုကောင်းမွန်တဲ့ မြန်မာနိုင်ငံကို တည်ဆောက်တဲ့နေရာမှာ လိုအပ်တဲ့ ဖြေရှင်းချက်တွေကို အတူတကွ ပူးပေါင်းအဖြေရှာပေးနိုင်မယ့် ပလက်ဖောင်းတစ်ခုကို တည်ဆောက်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ UNDP နဲ့ အူရီဒူးမြန်မာတို့ ပူးပေါင်းပြုလုပ်တဲ့ ဆန်းသစ်ပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ အစီအစဉ်တစ်ခု ဖြစ်ပါတယ်။ အခုလို ကောင်းမွန်တဲ့ အစီအစဉ်တစ်ခုကို ၂၀၁၉ ခုနှစ်မှာ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာ ဖြစ်တဲ့အတွက် ဝမ်းမြောက်မိပြီး ပြိုင်ပွဲဝင်တွေဆီက အဆန်းသစ်ဆုံး အိုင်ဒီယာတွေကို မြင်တွေ့ရတော့မယ့် အတွက်လည်း စိတ်လှုပ်ရှားမိပါတယ်။’ ဟု UNDP ၏ Resident Representative ဖြစ်သူ Mr. Peter Batchelor က ပြောကြားခဲ့သည်။

The Hackathon သည် မြန်မာနိုင်ငံမှ လူငယ်များ၏ ဒီဂျစ်တယ်နည်းပညာပိုင်းဆိုင်ရာ ဆန်းသစ် တီထွင်နိုင်စွမ်းနှင့် စွန့်ဦးတီထွင်နိုင်စွမ်းများအား မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် အူရီဒူးမြန်မာနှင့် UNDP တို့မှ ပူးပေါင်းပြုလုပ်သည့် အထူးအစီအစဉ်တစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံမှ လူငယ်များ၏ ဆန်းသစ်သော အိုင်ဒီယာများအား ဖော်ထုတ်ပေးနိုင်ရန်၊ ထိုမှတဆင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ချမှတ်ထားသည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များအား မြန်မာနိုင်ငံတွင် ဒီဂျစ်တယ်နည်းပညာ အသုံးပြု၍ ဖန်တီးပုံဖော်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဤ အစီအစဉ်အား ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

The Hackathon 2019 နည်းပညာပြိုင်ပွဲနှင့် ပတ်သက်၍ ပိုမိုသိရှိလိုပါက www.thehackathon2019.com တွင် ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်ပြီး ပြိုင်ပွဲအတွက် လျှောက်လွှာများအား ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့အထိ လက်ခံသွားမည် ဖြစ်သည်။

အသေးစိတ် သိရှိလိုပါက ဆက်သွယ်ရန် -

အူရီဒူးမြန်မာ သတင်းပြန်ကြားရေးအဖွဲ့ | +၉၅၉ ၉၇၃၃ ၃၃၃၂၂ | mhan1@ooredoo.com.mm

UNDP သတင်းပြန်ကြားရေးအဖွဲ့ | +၉၅၉ ၇၉၁၆ ၃၉၀၅၂ | yamon.phu.thit@undp.org

အူရီဒူးမြန်မာ၏ အကြောင်း

အူရီဒူးမြန်မာသည် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ဝန်ဆောင်မှုများပေးအပ်ရန် ၂၀၁၃ ခုနှစ် ဇွန်လတွင် လိုင်စင်ရရှိခဲ့ပါသည်။ အူရီဒူးမြန်မာသည် “ပြည်သူများ၏ လူမှုဘဝကို ဒီဂျစ်တယ် လူနေမှုဖြင့် တောက်ပကောင်းမွန်အောင်လုပ်ဆောင်ပေးမည်” ဆိုသည့် ရည်မှန်းချက်နှင့်အတူ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးအပ်ရာ၌ ဦးဆောင်လျှက်ရှိနေပါသည်။ အူရီဒူးမြန်မာသည် လက်ရှိတွင် တစ်ဦးချင်းအသုံးပြုသူများ အတွက် သာမက စီးပွားရေးလုပ်ငန်းများ၊ အစိုးရဌာနများ နှင့် အသေးစားနှင့်အလတ်စား လုပ်ငန်းများအတွက်လည်း လုပ်ငန်းများ တိုးတက်ကောင်းမွန်စွာ လုပ်ဆောင်နိုင်စေရန် ဝန်ဆောင်မှုများစွာ ပေးအပ်လျက်ရှိပါသည်။ အဆိုပါ ဝန်ဆောင်မှုများသည် လူမှုဘ၀ ဖွံ့ဖြိုးရေး နှင့် လုပ်ပိုင်ခွင့် အခွင့်အလမ်းများ ရရှိရေးတို့ကို ဦးတည်၍ ဝန်ဆောင်မှုပေးထားသဖြင့် ပြည်သူများအား လုပ်ကိုင်စွမ်းအားများကို မြှင့်တင်ပေးခြင်း နှင့် စီးပွားရေးလုပ်ငန်းများကို ပိုမိုချောမွေ့စွာ လုပ်ဆောင်နိုင်မှာ ဖြစ်ပါသည်။ အူရီဒူးမြန်မာသည် ၎င်း၏ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများ နှင့် လူမှုအကျိုးပြုလုပ်ငန်းများမှ တဆင့် ပြည်သူများ၏ ဘဝကို တောက်ပကောင်းမွန်စေရန် လုပ်ဆောင်ပေးသွားမည်ဖြစ်ပါသည်။

Website: www.ooredoo.com.mm

Instagram: @ooredoomyanmar

Facebook: www.facebook.com/OoredooMyanmar

LinkedIn: www.linkedin.com/company/ooredoomyanmar

UNDP ၏ အကြောင်း

UNDP သည် နိုင်ငံပေါင်း ၁၇၀ ကျော်တွင် လုပ်ငန်းများ လုပ်ကိုင်လျက် ရှိပြီး နိုင်ငံတကာအယူအဆများ၊ ပြည်တွင်းအသိအမြင်များ၊ နည်းပညာ အကူအညီများ၊ မူဝါဒ အကြံပြုချက်များနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အထောက်အကူပြု လုပ်ငန်းများကို စီစဉ်ပံ့ပိုးပေးလျက်ရှိသည်။ UNDP သည် ကမ္ဘာတဝန်းရှိ နိုင်ငံများ၏ အလွန်အမင်း ဆင်းရဲမွဲတေမှု ပပျောက်ရန်၊ မညီမျှမှုများလျော့ကျသွားစေရန်နှင့် ၂၀၃၀ ပြည့်နှစ်တွင် အကောင်အထည်ဖော်နိုင်ရန် ရည်မှန်းလုပ်ဆောင်နေသည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များ အောင်မြင်ပြည့်မှီရန် ရည်ရွယ် လုပ်ဆောင်လျက် ရှိသည်။

မြန်မာနိုင်ငံတွင် UNDP သည် ၁၉၅၀ ပြည့်နှစ်များမှစတင်ပြီး ပြည်သူလူထုထံသို့ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အကူအညီများအား ပေးအပ်လျက်ရှိသည်။ ယနေ့တွင် UNDP သည် ၂၀၃၀ ပြည့်နှစ်တွင် အကောင်အထည်ဖော်နိုင်ရန် ရည်မှန်းလုပ်ဆောင်နေသည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များ အောင်မြင်ပြည့်မှီရန်အတွက် အကောင်းမွန်ဆုံး နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့် စံချိန်စံနှုန်းများနှင့်အတူ လုပ်ဆောင်လျက်ရှိသည်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးမှ ချမှတ်ထားသည့် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များ၊ လက်တွေ့စမ်းသပ်ထားပြီးဖြစ်သည့် လုပ်ငန်းစဉ်များအား အသုံးပြု၍ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေး၊ စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ်များနှင့် ပတ်သက်၍ ၂၀၃၀ ပြည့်နှစ်တွင် ပြည့်မှီစေရန် မျှော်မှန်းထားသည့် ရည်မှန်းချက်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် အစိုးရနှင့် ပြည်သူလူထုအား ပံ့ပိုးကူညီလျက် ရှိသည်။

Facebook: www.facebook.com/UNDPMyanmar

Twitter: www.twitter.com/UNDP_Myanmar

Website: www.mm.undp.org