၂၀၁၉ ခုနှစ် ဧပြီလ ၃ ရက်နှင့် ၄ ရက်နေ့တို့တွင် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ မျှားချောင်းကျေးရွာရှိ မူလတန်းလွန်ကျောင်းဖွင့်ပွဲအခမ်းအနားနှင့် ခမောင်းတုံးကျေးရွာရှိ စံကိုက်ကျေးလက်ကျန်းမာရေး ဌာနခွဲနှင့် ဝန်ထမ်းအိမ်ရာ ဖွင့်ပွဲအခမ်းအနားများကို အသီးသီးပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားများတွင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၏ ပထမအတွင်းဝန် Mr. Keita Iwase၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီးနှင့် လူမှုရေးဝန်ကြီး၊ UNDP မှ ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။
ဂျပန်နိုင်ငံအစိုးရသည် UNDP ၏ မြို့နယ်အဆင့် ဒီမိုကရေစီနည်းကျ ဒေသန္တရ အုပ်ချုပ်ရေးလုပ်ငန်းစဉ် စီမံချက် (TDLG) မှတစ်ဆင့် ရခိုင်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကူညီပံ့ပိုးပေးလျက်ရှိပါသည်။ ဤလုပ်ငန်းရပ်သည် UN Women နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးရေးဆိုင်ရာ စိန်ခေါ်မှုများ အထူးသဖြင့် အမျိုးသမီးများ ကြုံတွေ့နေရသည့် မညီမျှမှုများကို ရင်ဆိုင်ဖြေရှင်းဆောင်ရွက်နေသည့် ပူးတွဲစီမံကိန်း၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါသည်။
UNDP သည် ရခိုင်ပြည်နယ် အစိုးရကို မိမိကိုယ်ပိုင် စီမံခန့်ခွဲသုံးစွဲနိုင်သော ရန်ပုံငွေများကို ပေးအပ်ကာ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များအား အားလုံးပါဝင်နိုင်ကာ တာဝန်ယူမှုရှိပြီး ပွင့်လင်းမြင်သာမှုရှိသော နည်းလမ်းများဖြင့် ဒေသခံလူထုအတွက် အခြေခံဝန်ဆောင်မှုများကို ထိရောက်အကျိုးရှိစွာ ဆောင်ရွက်ပေးနိုင်မည့် မြို့နယ်စီမံကိန်းရေးဆွဲရာတွင် ပံ့ပိုးကူညီပေးပါသည်။
ဖွင့်ပွဲအခမ်းအနားတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီးက “မြို့နယ်အဆင့် ဒီမိုကရေစီနည်းကျ ဒေသန္တရ အုပ်ချုပ်ရေးလုပ်ငန်းစဉ် စီမံချက် (TDLG) ရဲ့ လုပ်ငန်းတွေဟာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ကမှ ရခိုင်ပြည်နယ်က မြို့နယ် ၅ မြို့နယ်မှာ စတင်ပေမယ့် ကျွန်ုပ်တို့အနေနဲ့ ဒီပထမတစ်နှစ်မှာပဲ သိသာထင်ရှားတဲ့ ရလဒ်တွေ၊ အောင်မြင်မှုတွေကို မြင်တွေ့နေရပြီပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီ TDLG စီမံချက်ကို ယခုဆောင်ရွက်နေတဲ့ မြို့နယ် ၅ မြို့နယ်သာမက တခြားမြို့နယ်တွေကိုလည်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ တိုးချဲ့ဆောင်ရွက်ဖို့ ရခိုင်ပြည်နယ်အစိုးရအနေနဲ့ UNDP ကို အကြံပြုထားပါတယ်။” ဟု ပြောကြားခဲ့ပါသည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးက “မြန်မာနိုင်ငံအတွက် လှူဒါန်းမှုတွေပြုလုပ်ပေးတဲ့ ဂျပန်နိုင်ငံပြည်သူတွေကို အထူးကျေးဇူးတင်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကိုယ်စား ပြောချင်ပါတယ်။ ဒါ့အပြင် UNDP ရဲ့ ဝန်ထမ်းတွေ၊ တာဝန်ကျေပွန်တဲ့ သံတွဲမြို့နယ် စီမံကိန်း ရေးဆွဲရေးနဲ့ အကောင်အထည်ဖော်ရေး ကော်မတီ၊ သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေနဲ့ ရပ်ရွာလူထုနဲ့ ဒီကျေးလက်ကျန်းမာရေး ဌာနခွဲနဲ့ ဝန်ထမ်းအိမ်ရာကို တည်ဆောက်ပေးတဲ့ ဆောက်လုပ်ရေး ကုမ္ပဏီတို့ကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။” ဟု ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၏ ပထမအတွင်းဝန် Mr. Keita Iwase က အမှာစကားပြောကြားရာတွင် “ဒီလို ဖွင့်ပွဲအခမ်းအနားတွေကို ပြုလုပ်ကျင်းပနိုင်တာဟာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တဲ့ UNDP ဝန်ထမ်းများရဲ့ ကြိုးပမ်းမှု၊ ရခိုင်ပြည်နယ်အစိုးရရဲ့ လမ်းညွန်မှုအောက်မှာ လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ အမျိုးသမီး ကိုယ်စားလှယ်များ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းက ကိုယ်စားလှယ်များ၊ မြို့နယ် စီမံကိန်းရေးဆွဲရေးနဲ့ အကောင်အထည်ဖော်ရေး ကော်မတီ၊ ဆောက်လုပ်ရေး ကုမ္ပဏီတို့ရဲ့ တက်တက်ကြွကြွပူးပေါင်း ဆောင်ရွက်မှုတွေကြောင့် ဖြစ်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။
TDLG စီမံချက်၏ နည်းပညာအကြံပေး အရာရှိ Ms. Anki Dellnas က “UNDP အနေနဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့ မြို့နယ်စီမံချက်ရေးဆွဲရေး ဦးစီးဌာနတွေနဲ့ အနီးကပ် လက်တွဲပြီး ကျွန်မတို့ရဲ့ စီမံချက်တွေကို ရေရှည်တည်တံ့ပြီး အဖွဲ့အစည်းအတွင်းမှာ ဒီစနစ်ကို အမြစ်တွယ်အောင် ဆောင်ရွက်နေပါတယ်။ နောက်ဆုံးတစ်နေ့မှာတော့ အစိုးရကသာ ပြည်သူလူထုတွေအတွက် အခြေခံ ဝန်ဆောင်မှုတွေကို ပေးဖို့ တာဝန်ရှိသူဖြစ်ပါတယ်။ ဒီလုပ်ငန်းရပ်ကို ဆောင်ရွက်ခြင်းကြောင့် အစိုးရအနေနဲ့ ရပ်ရွာလူထုနဲ့ ပိုမိုနီးကပ်စေပြီး ၎င်းတို့ရဲ့ စကားသံတွေကို နားထောင်ပြီး ၎င်းတို့ရဲ့ လိုအပ်ချက်တွေကို ပိုမိုထည့်သွင်းစဉ်းစားပေးနိုင်လာမှာ ဖြစ်ပါတယ်။” ဟုပြောသည်။
ဤလုပ်ငန်းရပ်၏ ပထမအဆင့် အောင်မြင်မှုများကို အခြေပြုကာ TDLG စီမံချက်သည် မြို့နယ်များတွင် လူထုပါဝင်သော စီမံကိန်းရေးဆွဲခြင်းလုပ်ငန်းများကို ဆက်လက်ပံ့ပိုးပြီး မြန်မာနိုင်ငံ၏ ပြည်သူများအတွက် လိုအပ်သော အခြေခံ ဝန်ဆောင်မှုများကို တိုးမြှင့်ရရှိရန် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
Happy to have the presence of Mr. Keita Iwase 1st Secretary of Embassy of @japan and H.E. U Kyaw Aye Thein Minister Planning, Finance, Revenue & Economics from #Rakhine State Government at the inaugural ceremony for post-primary school today! #JapanAid 🇯🇵🇲🇲🏫 pic.twitter.com/srKIxoaYV3
— UNDP Myanmar (@UNDP_Myanmar) April 3, 2019
Scenes from today's inauguration of a newly constructed post-primary #school in Hmyar Chaung Village, Thandwe Township funded by #JapanAid implemented by #Rakhine State Government in collaboration with @UNDP_Myanmar 🇲🇲🇯🇵🏫📚 pic.twitter.com/JDHVSRdqO3
— UNDP Myanmar (@UNDP_Myanmar) April 3, 2019
#HappeningNow inauguration of a newly-constructed health center with a staff house in Kha Maung Tone Village Thandwe Township funded #JapanAid implemented by #Rakhine State Government in collaboration @UNDP_Myanmar ⚕️👩⚕️🇲🇲🇯🇵 @Japan @dellnas pic.twitter.com/H0aC8gv5Ux
— UNDP Myanmar (@UNDP_Myanmar) April 4, 2019