မြို့နယ်အဆင့် ဒီမိုကရေစီနည်းကျ ဒေသန္တရ အုပ်ချုပ်ရေးလုပ်ငန်းစဉ် စီမံချက် (TDLG) ကို ဆက်လက်ပံ့ပိုးရန် ဒုတိယအကြိမ်မြောက် သဘောတူညီမှုစာချွန်လွှာကို UNDP နှင့် ရခိုင်ပြည်နယ်အစိုးရ လက်မှတ်ရေးထိုး

2019- June 10

ဓာတ်ပုံ - ဝင်းမြတ်အောင်


၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် UNDP ၏ ပြည်သူပါဝင်သော မြို့နယ် စီမံကိန်းရေးဆွဲရေးလုပ်ငန်းမှ ရွေးချယ်ထားသည့် အခြေခံအဆောက်အဦ တည်ဆောက်မှုစီမံကိန်း ၁၉ ခုကို အကောင်အထည်ဖော် ဆောင်ရွက်ရန် ဒုတိယအကြိမ်မြောက် သဘောတူစာချွန်လွှာကို UNDP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Peter Batchelor နှင့် ရခိုင်ပြည်နယ် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး ဦးကျော်အေးသိန်းတို့ လက်မှတ်ရေးထိုးခဲ့ပါသည်။ ရခိုင်ပြည်နယ်အတွင်း လုပ်ငန်းများ ဆောင်ရွက်ရန် ဂျပန်နိုင်ငံအစိုးရမှ ရန်ပုံငွေ ၂,၉၅၉,၂၀၂,၃၆၀ ကျပ်ကို ပံ့ပိုးပေးထားသည်ဟု စာချွန်လွှာတွင် ဖော်ပြပါရှိပါသည်။

အဆိုပါ ရန်ပုံငွေများကို ရခိုင်ပြည်နယ် အစိုးရ၏ ဘက်ဂျက်အတွင်း ထည့်သွင်းပေးသွားမည်ဖြစ်ပြီး မြို့နယ် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လျာထားခြင်းဖြစ်ပါသည်။ စီမံအချက်အရ တည်ဆောက်သွားမည့် တံတားများ၊ လမ်းများ၊ စာသင်ကျောင်းများနှင့် ဆေးပေးခန်းများသည် ရပ်ရွာလူထုနှင့် ၎င်းတို့၏ ကိုယ်စားလှယ်များမှ မြို့နယ် စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီနှင့် UNDP ၏ နည်းပညာပံ့ပိုးမှုဖြင့် ဆောင်ရွက်သော လူထုပါဝင်သည့် စီမံကိန်းရေးဆွဲရေး အလုပ်ရုံ ဆွေးနွေးပွဲများတွင် ပါဝင်ရွေးချယ်ထားခြင်းဖြစ်ပါသည်။

ဤစီမံချက်ကို ၂၀၁၈ ခုနှစ်တွင် စတင်ခဲ့ပြီး ယခုအခါ ဒုတိယအဆင့်ကို ရောက်ရှိလာပြီဖြစ်ပါသည်။ စီမံချက်တွင် ဂွ၊ ပုဏ္ဏားကျွန်း၊ သံတွဲ၊ တောင်ကုတ်နှင် ရမ်းဗြဲမြို့နယ်တို့ ပါဝင်ပြီး အဆိုပါ မြို့နယ်များကို ပြည်နယ်အစိုးရ၊ လွှတ်တော်နှင့် ရပ်ရွာလူထုများနှင့် ဆွေးနွေးညှိနှိုင်းပြီး ရွေးချယ်ထားခြင်း ဖြစ်ပါသည်။ အဆိုပါ မြို့နယ်များသည် ဖွံ့ဖြိုးရေးစီမံကိန်းများကို ဦးစားပေးရွေးချယ်ရာတွင် ရပ်ရွာလူထုကို မြို့နယ်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ စနစ်တကျ ပါဝင်စေ‌ရေး နည်းလမ်းအတွက် ဆီလျော်သည့် မြို့နယ်များကို ဦးစားပေး ရွေးချယ်ထားခြင်း ဖြစ်ပါသည်။

ဤသဘောတူညီမှု စာချွန်လွှာတွင် ရခိုင်ပြည်နယ်အစိုးရသည် လူထုပါဝင်သော မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် ဒေသခံ ပြည်သူများကိုယ်တိုင် ပါဝင် ဆုံးဖြတ်ချက်ချမှတ်ခြင်း လုပ်ငန်းစဉ်ကို ဆက်လက် ထောက်ခံပံ့ပိုးသွားမည်ဟူသော ကတိကဝတ်ကို ထပ်မံ အတည်ပြုခဲ့ပါသည်။ မြို့နယ်အဆင့် ဒီမိုကရေစီနည်းကျ ဒေသန္တရ အုပ်ချုပ်ရေးလုပ်ငန်းစဉ် စီမံချက် (TDLG) သည် မွန်ပြည်နယ်ရှိ မြို့နယ် ၁၀ မြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီးရှိ မြို့နယ် ၅ မြို့နယ်တွင်လည်း အလားတူ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။